‎ဧရာဝတီတိုင်းမ်
‎နိုဝင်ဘာ ၁ ရက်
‎

‎ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်ရှိ အရပ်သားပြည်သူများ သွားလာအသုံးပြု နေသည့် တံတားများနှင့် လူနေရပ်ကွက်များအနီးသို့ ယနေ့ နိုဝင်ဘာ ၁ ရက် ညနေပိုင်းတွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၁၁ ဦး သေဆုံးကာ ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံမှ သိရသည်။
‎

‎ရွေးတုအစိုးရ စစ်တပ်သည် ယနေ့ ညနေ ၅ နာရီ ၂၅ မိနစ်ခန့်တွင် ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်း မြို့နယ်အစပ်၊ စစ်တွေ-ရန်ကုန် အဝေးပြေးလမ်းမပေါ်ရှိ ယိုးချောင်းတံတားကို ပေါင် ၅၀၀ ဗုံးတစ်လုံး ဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
‎

“ပြည်သူတွေ အဓိက သွားလာနေတဲ့ ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားက ယိုးချောင်းတံတားကို ဗုံးကြဲဖျက်ဆီးသွားတယ်။ အဲဒီတံတားအနီး ဖြတ်သန်းသွားလာနေကြတဲ့ ပြည်သူ ၇ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ ကနဦး သိရတယ်” ဟု ရခိုင်လူမှုကူညီရေး လုပ်ဆောင်သူ စာရေးဆရာ ဝေဟင်အောင်က အတည်ပြုထားသည်။

 

အဆိုပါ စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် တံတားပေါ်နှင့် အနီးဝန်းကျင်တွင် ဖြတ်သန်း သွားလာနေသည့် အရပ်သား ခုနစ် ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် တံတားအနီးရှိ မုန့်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များလည်း ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်တွင်လည်း မြောက်ဦးမြို့နယ်၊ ငွေတောင်ပေါက်တံတားအနီးသို့ ရွေးတုအစိုးရ စစ်တပ်က လေကြောင်းမှ ဗုံးနှစ်လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့သည်။

 

ယင်းသို့ ဗုံးကြဲမှုကြောင့် ငွေတောင်ပေါက်တံတားအနီးရှိ ရပ်ကွက်အတွင်း သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား နှစ် ဦးနှင့် အမျိုးသမီး နှစ် ဦး စုစုပေါင်း အရပ်သား လေး ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ လေး ဦး ဒဏ်ရာရရှိခဲ့သည်။ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အနီးအနားရှိ လူနေအိမ် တစ်လုံးလည်း ပြာကျပျက်စီးသွားခဲ့ရသည်။

 

ဓာတ်ပုံ – ONN