ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်
စစ်ကောင်စီရဲ့ပြောခွင့်ရ ပြန်ကြားရေးဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းဟာ ကျန်းမားရေးမကောင်းတဲ့အတွက် ပြည်ပနိုင်ငံတစ်ခုရဲ့ ဆေးရုံတခုမှာ ရက်အတန်ကြာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်းဟာ ကျန်းမာရေးအခြေအနေဆိုး ဝါးလာလို့ အောက်တိုဘာလနောက်ဆုံးပတ်အတွင်းကစလို့ ပြည်ပနိုင်ငံတခုက ဆေးရုံတခုမှာ ကုသမှုခံယူခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ နေပြည်တော်ကိုပြန်လည်ရောက်ရှိနေပြီလို့ နေပြည်တော်ပြန်ကြားရေးဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တချို့က အတည်ပြုပြောဆိုပါတယ်။
”ပြည်ပမှာဆေးသွားကုရတာမှန်ပါတယ်။ အောက်တိုဘာနောက်ဆုံးအပတ်ထဲမှာသွားတာ တပတ်ကျော်လောက်တော့ ကြာတယ်။ နေပြည်တော်က စစ်ခေါင်းဆောင်တွေက ထိုင်းနဲ့စင်ကာပူ ကိုဘဲ သွားကုကြတာများတယ်။ ခုကာလ ကတော့ ထိုင်းဘဲဖြစ်နိုင်မယ်၊ စင်ကာပူကလည်းသူတို့အာဏာသိမ်းတာနဲ့ပတ်သက်ပြီးတချို့ကိစ္စတွေမှာ ကန့်ကွက်တာတွေများတယ်။ ရောဂါက လိုင်းပေါ်မှာတွေ့နေရသလို လိပ်ခေါင်းလား၊ စအိုကင်ဆာလား ဘာလားတော့အတိအကျမသိဘူး။ သူ့ရောဂါက အစုံလို့တော့သိရတယ်။ အဲ့တာတွေလည်း ပါချင်လည်း ပါမှာပေါ့။ ဒါပေမယ့် ရောဂါကြီးကြီးမားမား ဖြစ်လို့သာ ပြည်ပအထိသွားကုတာလို့ပြောနိုင်တယ်။ တော်ရုံရောဂါဆို နေပြည်တော်မှာတင် သူတို့ကုလို့ရတယ်။ ပြန်တော့ရောက်နေပြီ သိပ်မသက် သာသေးလို့ ရုံးတော့ မတက်နိုင်သေးဘူးလို့သိရတယ်”လို့ စစ်ကောင်စီပြန်ကြားရေးဌာနနဲ့နီးစပ်တဲ့ သတင်း ရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်းဟာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့က bumrungard Internationl Hospital ဆေးရုံကြီးမှာ စအိုကင်ဆာရောဂါနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ နိုဝင်ဘာလ ၁ ရက်နေ့ကစလို့ လူမှုကွန်ယက်မှာ သတင်း တွေကျယ်ကျယ်ပြန်ပြန့် ထွက်ပေါ်နေတာပါ။
ဧရာဝတီတိုင်းမ်အနေနဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြည်ပနိုင်ငံတခုရဲ့ဆေးရုံတခုမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ သာ အတည်ပြုထားနိုင်ပြီး ဘယ်နိုင်ငံ၊ ဘယ်ဆေးရုံမှာ ဘာရောဂါနဲ့ကုသမှုခံယူခဲ့တယ်ဆိုတာကိုတော့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ဗိုလ်ချုပ် ဇော်မင်းထွန်းဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ပြောခွင့်ရသူ ပြန်ကြားရေးဒုဝန်ကြီးတာဝန်ရယူထားသူ ဖြစ်ပြီး စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွေမှာ ၎င်းဦးဆောင်ပြုလုပ်ကာ စစ်ကောင်စီရဲ့လုပ်ဆောင်ချက်တွေကို ကာကွယ်ဖုံးဖိပြီး ဝါဒဖြန့်စကားတွေကို ပင်တိုင်ပြောကြားပေးနေသူတဦးအဖြစ် လူသိများသူတယောက်ဖြစ်ပါတယ်။
#စစ်ကောင်စီ #ပြန်ကြားရေး #ဒုဝန်ကြီ #ဗိုလ်ချုပ် ဇော်မင်းထွန်း #ပြည်ပမှာ #ဆေးကုသရ #AyeyarwaddyTimes