ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်

ကယား(ကရင်နီ)ပြည်နယ်အတွင်း အာဏာသိမ်းစ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကရင်နီပြည်၏ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်ရေးဆိုင်ရာချိုးဖောက်ခံရမှုများနှင့်ပက်သတ်သည့်အချက်အလက်ဆိုင်ရာ စာရင်းများကို တိုးတက်သောကရင်နီပြည်သူ့အင်အားစုPKPFမှ ထုတ်ပြန်ဖော်ပြထားပါသည်။

အရပ်သားပြည်သူသေဆုံးမှုမှာ ယနေ့အချိန်အထိ ၂၈၂ ဦးရှိလာပြီး စစ်ကောင်စီတပ်သားများ၏အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၁၈၂ ဦးအထိသေဆုံးခဲ့ပြီး တိုက်ပွဲအတွင်းလက်နက်ထိမှန်မှုများကြောင့်သေဆုံးသူ ၆၄ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့်ထိတ်လန့် သေဆုံးသူ ၉ ဦး၊ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦး၊ စစ်ကြောရေးတွင်သေဆုံးသူ ၇ ဦးနှင့် မိုင်းနင်းမိ၍သေဆုံးသူ ၃ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

စစ်ဘေးရှောင်နေစဉ်အတွင်း စစ်ရှောင်သေဆုံးမှုများမှာ ၉၇ ဦးရှိပြီး စစ်ဘေးရှောင် ၉၀ ဦးမှာ စစ်ရှောင်စခန်းများတွင် ဆေးဝါးလုံလောက်မှုမရှိခြင်း၊ ကောင်းမွန်စွာဆေးကုသမှုမရရှိ‌ခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းပြီးစမှ ယနေ့အထိ ကရင်နီပြည်နယ်တွင် ထိတွေ့တိုက်ပွဲ ၅၀၇ ကြိမ်အထိဖြစ်ပွားခဲ့ပြီး လေကြောင်းဖြင့်တိုက်ခိုက်ခံရမှုမှာ ၁၇၃ ကြိမ်အထိရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှတပ်သား ၁၆၁၈ ဦးအထိသေဆုံးခဲ့ပြီး ကျဆုံးခဲ့သော‌ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ ၁၈၃ ဦးဖြစ်ကြောင်းဖော်ပြထားပါသည်။

မတရားဖမ်းဆီးခံရသူ ၂၈၀ ဦးအနက် သေဒဏ်ချမှတ်ခံရသူ ၃ ဦးရှိပြီး တစ်သက်တစ်ကျွန်းကျခံရသူ ၄ ဦးရှိကာ လက်ရှိတရားရင်ဆိုင်နေရပြီး ဖမ်းဆီးခံထားရသူ ၇၇ ဦးရှိကြောင်း တွေ့ရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တိုးတက်သောကရင်နီပြည်သူ့အင်အားစုမှ အချို့အချက်အလက်များသည် နောက်မှပြန်သိရှိရမှုများကြောင့် လစဉ်ထုတ်ပြန်ချက်များနှင့်အနည်းငယ်ကွဲလွဲမှုများရှိနိုင်ကြောင်းလည်း ဖော်ပြထားပါသည်။
#Ayeyarwaddy_Times