ကိုကိုလေး/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်
ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် လုံခြုံရေးတာဝန်ယူထားသည့်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က
ကျန်းမာရေးဝန်ထမ်း ၁ ဦးထံမှ BLACK LABEL အရက်ပုလင်း အဓမ္မသိမ်းယူမှုသတင်းကို ဧရာဝတီတိုင်းမ်သတင်းဌာနက ဖော်ပြပြီးနောက် စစ်ကောင်စီတပ်က လပွတ္တာဆေးရုံကြီးကို စီးနင်းဝင်ရောက်ကာ သတင်းဌာနသို့ သတင်းပေးသူအား ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့က ရာထူး တိုးစာမေးပွဲဖြေဆိုပြီးပြန်လာသည့် Non CDM ကျန်းမာရေးဝန်ထမ်းတဦးမှ အထက်လူကြီးကို ဂါဝရပြုရန် BLACK LABEL အရက်ပုလင်းကို သယ်ဆောင်လာခဲ့ကြောင်း၊ မြို့အဝင်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အဓမ္မ သိမ်းယူမှုကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဧရာဝတီတိုင်းမ်သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီတပ်မှ လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့သစ်ရှိ ကုတင် ၂၀၀ ပြည်သူ့ဆေးရုံရှိ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ထမ်းများမှ သတင်းပေးသည်ဟုဆိုကာ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဆေးရုံကို ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးရုံဝန်ထမ်းများ၏ ဖုန်းများအား ယူဆောင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
“ခရိုင်က လူကြီးတွေနဲ့စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး လက်ကိုင်ဖုန်းတွေကိုယူပြီး စစ်ဆေးကြတယ်။ ဧရာဝတီတိုင်းမ်သတင်းဌာနမှာ သူတို့ကို ဓားပြဆိုပြီး သတင်းပေးထားတာ တွေ့တယ်။ ဒီဝန်းထမ်းတွေထဲမှာ သတင်းပေးရှ်ိတယ်ဆိုပြီး ဝန်ထမ်းတွေကို အကုန်စစ်ဆေးကြတယ်။ ဝန်ထမ်းတွေကြောင့် သူတို့သိက္ခာချတယ်ဆိုပြီး မကြေနပ်လို့ လာစစ်ဆေးကြတာ”ဟု လပွတ္တာမြို့ခံတဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။
အရက်ပုလင်းပိုင်ရှင် Non CDM ကျန်းမာရေးဝန်ထမ်း ဆရာမမှာ လပွတ္တာမြို့ ၃ မိုင်မြို့သစ်က စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဌာနမှာ တာဝန်ကျနေသည့်ဆရာမဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၃ မိုင် ကုတင် ၂၀၀ ဆေးရုံကို စီးနင်းရှာဖွေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
လပွတ္တာမြို့အဝင် ၄ မိုင်ဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စျေးသွားစျေးပြန် ဒေသခံများ၏ဆိုင်ကယ်များကို အပြစ်ရှာ၍ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်နေပြီး အပြစ်တွေ့ပါက ငွေတောင်းယူမှုများ ပြုလုပ်ကြောင်း၊ ငွေမပေးနိုင်ပါက ဂိတ်ကိုဖြတ်သန်းခွင့်မပြုကြောင်း ဒေသခံများက ဆိုသည်။
ဓာတ်ပုံ-ယခင် ပုံဟောင်းဖြစ်သည်။
#လပွတ္တာ #စစ်ကောင်စီ #ဆေးရုံ #Ayeyarwaddy_Times