ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ အမှတ် ၂၉ အခြေခံမူလတန်းကျောင်း၌ ယနေ့ နေ့လည်ပိုင်းအချိန်က အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့အခြေပြု ပရဟိတအသင်းအဖွဲ့များထံမှ သိရှိရသည်။

သာကေတမြို့နယ်၊ ၁၀ မြောက်ရပ်ကွက်၊ လယ်ယာ ၁ လမ်းရှိ အမှတ် ၂၉ အခြေခံမူလတန်းကျောင်းတွင် ယ​နေ့ နေ့လည် ၁၂ နာရီအချိန်က ကြာဇံကြော်များ လာရောက်လှူဒါန်းခဲ့မှုကို ကျောင်းသားကလေးငယ်များစားသောက်ရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ကလေးတွေက စားပြီးမကြာဘူး ထိုးအန်ကြတယ် ပေါ့နော်။ ပြီးတော့ မူးတယ် မူးတယ်ဆိုပြီး ငိုနေကြတယ်လို့ပြောတယ်။ ခုတော့ဆေးရုံကိုပို့ဆောင်ပြီးပါပြီ။ ကျွန်တော်တို့အသင်းပို့ဆောင်မှုက ကလေးချည်းဘဲ အယောက် ၃၀ ကျော်လောက်ရှိမယ်”ဟု ကူညီပေးခဲ့သည့် ရန်ကုန်မြို့အခြေပြု ပရဟိတအသင်းတခု၏ တာဝန်ရှိသူတစ်ဦးကဧရာ ဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်တွင်လည်း ယနေ့ နံနက်ပိုင်းက မွေးနေ့အလှူတစ်ခုတွင် ကြာဇံကြော်ကျွေးရာမှ အစာဆိပ်သင့်မှုဖြစ်ပွားခဲ့သည်ဟုလည်း သိရှိရသည်။

“အရေအတွက်ကိုသေချာမသိရသေးဘူးဗျ။ ဘာလို့ဆိုတော့ အသင်းအဖွဲ့တွေက အစုံဆိုတော့ သေချာမသိရသေဘူး။ ကျွန်တော်တို့ကိုဖုန်းဆက်တော့ အစာ အဆိပ်သင့်တဲ့ပုံစံဖြစ်နေတယ်ပေါ့နော်။ အဲ့တာလည်း ကြာဇံကြော်နဲ့ဘဲဖြစ်တာဘဲ။ ကလေးတွေ ကလည်း မူးတယ်ဆိုပြီး အော်ငိုနေကြတာ။ နောက် လူကြီးတွေရောဆိုတော့ ၃၀ ကျော်လောက်ရှိမယ်”ဟု အဆိုပါရပ်ကွက်အတွက်ကူညီ​ပေးခဲ့သည့် ပရဟိတအဖွဲ့တခု၏တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အစာအဆိပ်သင့်မှုဖြစ်ပွားသည့် ကလေးငယ်များကို ရန်ကင်းနှင့်ဟယ်ပင်ကလေးဆေးရုံများတွင်ပို့ဆောင်ထားပြီး လူကြီးများအား နီးစပ်ရာဆေးရုံများကိုပို့ဆောင်ထားပြီးဖြစ်ကြောင်း ပရဟိတအသင်းများထံကသိရသည်။

ဓာတ်ပုံ – သာကေတ မူလတန်းကျောင်းမှကလေးငယ်များအား ပရဟိတအဖွဲ့များမှကူညီဆောင်ရွက်ပေးနေစဥ်။
#AyeyarwaddyTimes