ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၂ ရက်
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ရသေ့တောင်၊မောင်တော၊ကျောက်တော်၊မြောက်ဦးမြို့နယ်များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ်တို့တွင် အောက်တိုဘာလနောက်ဆုံးပတ်အတွင်းက စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၂၃ ဦးသေဆုံးကာ ၂၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်-AA က နိုဝင်ဘာလ ၁ ရက် ယမန်နေ့တွင်သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရက္ခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာအနီးတွင် နာရီ ဝက်ခန့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး လက်နက်ငယ် ၂ လက်နှင့် ခဲယမ်းအချို့သိမ်း ဆည်းရမိခဲ့ကြောင်း၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တောင်ရွာအနီးတွင် စစ် ကောင်စီတပ်နှင့်အချိန် ၃နာရီခွဲကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၁၁ ဦး သေဆုံး ပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA ကဆို သည်
အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကျောက်တော်မြို့နယ် ရုပ်သားရွာအနီး စစ်ကောင်စီတပ်၏ စကခ ၉ လက် အောက်ခံ ခမရ ၃၇၄ တပ်ရင်းနှင့် မိနစ် ၂၀ ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦးထပ်မံ သေဆုံးခဲ့ပြီး အဆိုပါနေ့မှာပင် ပလက်ဝမြို့နယ် ၊ မြိတ်ဝကျေးရွာရှိ စစ်ကောင်စီစခန်း အား တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
အလားတူ အောက်တိုဘာလ ၃၁ ရက် နေ့လည်ပိုင်းက မောင်တောမြို့နယ် သာယာကုန်းရွာအနီး AA နယ်မြေအတွင်းဝင်ရောက်လာသည့် စစ်ကောင်စီ၏ ခမရ ၂၀၁ တပ်နှင့် ၂ နာရီနီးပါးအကြာ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကာ လက်နက်ခဲယမ်းများအများအပြားသိမး်ဆည်းရမိခဲ့ကြောင်း AA ဖော်ပြသည်။
ရက္ခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲဖြစ်ပွားရာဒေသအနီးဝန်းကျင်ကျေးရွာများသို့ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားဒေသခံများနှင့် တိရစ္ဆာန် သေဆုံး မှုများဖြစ်ပွားနေပြီး အောက်တို ဘာလ အတွင်းမှာပင် စစ်ကောင်စီတပ်၏လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ ၆ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း AA ထုတ်ပြန်ချက်အရသိရသည်။
#ရခိုင်ပြည်နယ် #ပလက်ဝ #AA #တိုက်ပွဲသတင်း #Ayeyarwaddy_Times