ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်

ရန်ကုန်မြို့ပြပြောက်ကျား Inya Urban Force(IUF) အဖွဲ့ဝင်ဆိုသူ ၁၀ ဦးကိုဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ အောက်တိုဘာလ ၃၀ ရက် မနေ့ညပိုင်းက ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီကစွပ်စွဲထုတ်ပြန်လာသူတွေမှာ အမျိုး သား ၇ ဦး ၊ အမျိုးသမီး ၃ ဦးပါဝင်ပြီး ၄င်းတို့ကို အောက်တို ဘာလ ၁ ရက်၊ ၂ ရက်၊ ၃ ရက်နဲ့ ၆ ရက်နေ့တွေမှာဖမ်းဆီးရမိခဲ့တာလို့စစ်ကောင်စီက ဆိုပါတယ်။

စစ်ကောင်စီကစွပ်စွဲဖမ်းဆီးထားတဲ့ ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်ဆိုသူတွေဟာ ဗိုလ်ချုပ်ဟောင်း အုန်းသွင်နဲ့ သားမက်ဖြစ်သူအပါအဝင် စစ်ကောင်စီအုပ် ချုပ်ရေးပိုင်းက လူ ၈ ဦးကို ပစ်ခတ်သတ်ဖြတ်ထားတယ်လို့လည်း စွပ်စွဲထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့ပြပြောက်ကျား IUF အဖွဲ့ကတော့ မကြာမီ ရက်ပိုင်းအတွင်းက အဖွဲ့ဝင်တချို့ဖမ်းဆီးထိန်း သိမ်းခံလိုက်ရပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

ဖမ်းဆီးခံရဲဘော်တွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရပြီး သတင်းအချက်အလက်တချို့ ပေါက်ကြားခဲ့ပေမယ် ကျန်ရှိနေတဲ့ရဲဘော်တွေကို အချိန်မီပြောင်းရွှေ့နိုင်ခဲ့ပြီး လွတ်မြောက်နယ်မြေများမှာရောက်ရှိနေပြီလို့ဖော်ပြပါတယ်။

IUF အနေနဲ့ ကျန်ရှိနေတဲ့ ရဲဘော်တွေနဲ့ ရန်ကုန်အတွက် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြောက်ကျားစစ်ဆင်ရေးတွေဆက်လက်လုပ်ဆောင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- စစ်ကောင်စီကထုတ်ပြန်လာသည့် IUF အဖွဲ့ဝင်ဆိုသူများ(မြဝတီ)။