
ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ အောက်တိုဘာလ ၃၁ ရက်
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ ဂန့်ဂေါ်တောင် ကျေးရွာတွင် အသက်မပြည့်သေးသော ကလေးငယ် ၄ ဦးကို ရာဘာခြံ မန်နေဂျာ မိသားစုက ရိုက်နှက်ပြီး ဆေးလိပ်မီးဖြင့်တို့ကာ နှိပ်စက်မှု ဖြစ်ပွားကြောင်း သတင်း ရရှိသည်။
ပြင်းထန်စွာ နှိပ်စက်ခံခဲ့ရသော ၁၅ နှစ်အောက် ကလေးငယ် ၄ ဦးထဲမှ အသက် အကြီးဆုံး ဖြစ်သည့် ၁၃ နှစ် အရွယ်ရှိ မသဇင်မိုးသည် အောက်တိုဘာ လ၂၁ ရက်နေ့မှာ လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် ခံထားရမှုကြောင့် ကံပေါက်ဆေးရုံကို တင်လိုက်ရကာ ဒဏ်ရာ ပြင်းထန်ပြီး စိုးရိမ်ရသည့် အတွက် ထိုမှတဆင့် ထားဝယ်မြို့ ဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်လိုက်ရကြောင်း ဒေသခံများက ပြောသည်။
“ကလေးကို ထားဝယ်မြို့ဆေးရုံကြီးကို ၂၂ ရက်နေ့မှာ တင်လိုက်ရတယ်။ နှိပ်စက်ထားတာက အရမ်းကို ပြင်းထန်ပါတယ် ရှင်။ ကလေးရဲ့ခန္ဒာကိုယ်အနှံ့ကိုလည်း ဆေးလိပ်မီးနဲ့ ထိုးတယ်။ သူတို့ရဲ့ ရာဘာလှန်းတဲ့ ဂိုဒေါင်ထဲမှာလည်း အကျီ်ကို အကုန်ချွတ်ခိုင်းပြီးတော့ သံကြိုးနဲ့ တွဲလောင်းချည်ပြီး ရိုက်တယ်။ ပြီးတော့ သူ့သမီးက တစ်ခါ ကြိုးကို ဖြည်ပေးပြီး ရင်ဘတ်ပေါ်ကို ဒေါက်ဖိနပ်နဲ့ တက်နင်းပြီး ထပ်နှိပ်စက်တယ်။ အဲဒီဒဏ်ရာတွေကြောင့် အခုတော့ ကလေးက အဆုပ် ရောင်နေပါတယ်။ ကျမဆို ကလေး ခံစားနေရတဲ့ ဒဏ်ရာတွေကို ကြည့်ပြီး နေတိုင်းငိုရပါတယ်”ဟု လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
ထိုသို့ ကလေးများကို နှိပ်စက်နေသည်မှာ ၂ လခန့် ရှိပြီ ဖြစ်ပြီး မသဇင်မိုး ထားဝယ်ဆေးရုံကို ရောက်သည်မှာ ၁၀ ရက်ခန့် ရှိနေပြီဟုလည်း ဆိုသည်။
“ဒီနေ့မှ မျက်လုံး နည်းနည်းလေး ဖွင့်နိုင်တယ်ရှင်။ စကားကတော့ မပြောနိုင်သေးဘူး”ဟုလည်း လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ဒေသခံက ပြောသည်။
ကလေး၏ မိဘများကလည်း ကလေးအနားမှာ လာရောက်ပြုစု ပေးနေပြီ ဖြစ်ကြောင်း၊ ပြစ်မှု ကျူးလွန်ထားသူများ ဘက်ကတော့ ယနေ့အထိ လာရောက်ကြည့်ရှုခြင်း မရှိသေးကြောင်း၊ ဂန့်ဂေါ်တောင် ဘုန်းကြီးကျောင်းက ဦးပဉ္ဖင်းက ဆေးကုသစရိတ်များ အတွက် လာရောက်ကူညီပေးခြင်း ရှိကြောင်းလည်း ၎င်းက ပြောပြသည်။
ညှဉ်းပန်းနှိပ်စက်ခံရသော ကလေးငယ် ၄ ဦးမှာ မောင်နှမများ ဖြစ်ကြောင်းလည်း သိရသည်။
ပြစ်မှု ကျူးလွန်သူများဖြစ်သည့် ရာဘာခြံ မန်နေဂျာ ဦးရီလွင် နှင့် ဇနီးဖြစ်သူ ဒေါ်ဌေး၊ သမီးဖြစ်သူ မရီမာလွင်တို့ကို ရေဖြူမြို့နယ် ရဲစခန်းမှ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ပုဒ်မ အပါအဝင် စုစုပေါင်း ပုဒ်မ ၄ ခုဖြင့် ဖမ်းဆီးပြီး အမှုဖွင့် အရေးယူထားကာ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လိုက်ပါ ကူညီပေးနေသူ တချို့က ပြောသည်။
အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် ဧရာဝတီတိုင်းမ်က ရေဖြူမြို့နယ် ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။
ဓာတ်ပုံ-ညှဉ်းပန်း နှိပ်စက်ခံရသည့် ကလေးငယ် ၄ ဦးမှ မသဇင်မိုး