
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်
ချင်းပြည်နယ်၊ မတူပီမြို့မှာ ဇွန်လ ၂၅ ရက်နေ့က ဗိုလ်မှူးအငြိမ်းစား ဝင်းနိုင်ဆိုသူက အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ထံကသိရပါတယ်။
မတူပီမြို့ တပ်ရင်း ၁၄၀ ဝန်းထဲမှာနေထိုင်တဲ့ ဗိုလ်မှူးအငြိမ်းစား ဝင်းနိုင်ဆိုသူက အသက် ၁၇ အရွယ် အမျိုးသမီးကို အကျဉ်းကျနေသူတွေနဲ့ပတ်သက်ပြီး မေးစရာရှိတယ်လို့ပြောကာ အဆိုပါအမျိုးသမီးငယ် နေထိုင်တဲ့အိမ်ထဲမှာ အဓမ္မပြုကျင့်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ သူက တပ်ရင်း ၁၄၀ ထဲမှာနေတာ တော်တော်ကြာပြီ ဗိုလ်မှူးအငြိမ်းစားပါ ဒေသခံတွေနဲ့လည်းတော်တော် ရင်းနှီးတယ် ပင်စင်ရတာမကြာသေးဘူး စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှာမှုတွေမှာတော့ ပါဝင်နေတုန်းပဲ အဲ့လူက ထောင်ကျနေတဲ့ သူ့အစ်မအကြောင်းမေးပြောပြီး အဲ့ကလေးမလေးကို အဓမ္မကျင့်သွားတာ”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အသက် ၁၇ အရွယ် အမျိုးသမီးငယ်ကို ဗိုလ်မှူးအငြိမ်းစား ဝင်းနိုင်ဆိုသူက ဧပြီလထဲမှာ စစ်သားတဦး ထွက်ပြေးမှုနဲ့ မတရားစွပ်စွဲခံရကာ ထောင်ကျခဲ့တဲ့ အစ်မဖြစ်သူအကြောင်း မေးစရာရှိတယ်ဆိုပြီး အိမ်ကို လာရောက်ချိန်မှာ အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ဗိုလ်မှူးအငြိမ်းစား ဝင်းနိုင်ဟာ ပင်စင်ရပေမယ့် ယူနီဖောင်းဝတ်ကာ တပ်ထဲဆက်လက်နေထိုင်နေတာကြောင့် လက်အောက်ငယ်သားတွေက မကျေနပ်မှုတွေ လည်းရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပင်စင်ရခဲ့တဲ့ ဗိုလ်မှူး ဝင်းနိုင်ဟာ တာဝန်ထမ်းဆောင်စဉ်ကလည်း အရက်မူးလာရင် လက်အောက်ငယ်သား တွေကို ဆဲဆိုကြိမ်းမောင်းတက်သလို လစာတွေကိုလည်း ခေါင်းပုံဖြတ်သုံးစွဲတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခုလို အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တဦးကို စစ်ကောင်စီတပ်က ဗိုလ်မှူးအငြိမ်းစားက အဓမ္မပြုကျင့် မှုဟာ ဒေသခံပြည်သူတွေအရောက်မြန်လို့ သတင်းတွေထွက်ပေါ်လာတာဖြစ်ပြီး ပြည်သူတွေသာ မရောက်ခဲ့ရင် သတင်းပိတ်ဖို့ ခြိမ်းခြောက်တာတွေရှိနိုင်တယ်လို့ ဆိုပါတယ်။