ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃ ရက်
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ လလောက်ကစတင်ကာ ညမထွက်ရအမိန့်တွေသတ်မှတ်ခဲ့တာကြောင့် အဝေးပြေးယာဉ်လိုင်းတွေဟာ ရောက်တဲ့နေရာ သတ်မှတ်ချိန်ရောက်ရင် ကားလမ်းပေါ်မှာ ညအိပ်ခဲ့ကြရတယ် လို့ ယာဉ်မောင်းသူတွေထံက သိရပါတယ်။
စစ်ကောင်စီက အဝေးပြေးလမ်းတွေကို ဖြတ်သန်းသွားလာတဲ့ မြို့နယ်အလိုက် ညမထွက်ရ အမိန့်တွေကို လိုက်နာပြီး မောင်းနှင်ခဲ့ရတာ ၁ နှစ်ကျော်လာတဲ့အတွက် ခရီးသွားတွေအတွက် ဒုက္ခရောက်ရသလို ယာဉ်မောင်းနှင်သူတွေအတွက်လည်း ခရီးကြန့်ကြာမှုတွေရင်ဆိုင်နေရတယ်လို့ ယာဉ်မောင်းသူတဦးက ပြောပါတယ်။
“ ရန်ကုန်ကနေ နေပြည်တော်ပဲသွားသွား မန္တလေးပဲသွားသွား တနိုင်ငံလုံးကလမ်းတွေမှာ ညအိပ်ရတာ ကြာတော့ ဒုက္ခရောက်တာပေါ့ဗျာ ပြီးတော့ တမြို့နယ်နဲ့ တမြို့နယ်ကလည်း သတ်မှတ်ချိန်မတူတော့ သတိ ထားရတယ် အဓိကတော့ ညပိုင်းသွားရတဲ့ ခရီးသည်တွေရော ကားသမားတွေရော ဒုက္ခရောက်နေရတာပါ”လို့ ပြောပါတယ်။
ညပိုင်းခရီးသွားတဲ့ ကားအများစုဟာ များသောအားဖြင့် ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ရောက်တဲ့ တိုးဂိတ်မှာ ကားရပ်ပြီး ကားပေါ်မှာ အိပ်ရသလို မနက် ၄ နာရီကျော်လို့ ဂိတ်ဖွင့်မှ ပြန်လည်းသွားလာခွင့်ရတာ ကြောင့် ခရီးလမ်းနောက်ကျမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေဖြစ်ပွားတဲ့ ဒေသခံတွေမှာ စစ်ကောင်စီက ချထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဂိတ်တွေကို မနက် ၇ နာရီအထိ ပိတ်ထားလေ့ရှိတယ်လို့ ကချင်ပြည်နယ်ဘက်ကို ပြေးဆွဲနေတဲ့ ယာဉ်မောင်းတဦးက ပြောပါတယ်။
ဒီလိုမျိုး စစ်ကောင်စီက ညမထွက်ရအချိန့်ကန့်သတ်ထားမှုတွေကြောင့် စစ်ဆေးရေးဂိတ်တွေ တိုးဂိတ်တွေမှာ ညအိပ်ရတဲ့အခါ အပေါ့အပါးသွားလာဖို့အတွက် ကျန်းမာရေးအခက်အခဲတွေရှိလာသလို လုယက်ခံရမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။