ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရသည့် ရခိုင်တိုင်းရင်းသားအချို့ကို သန်လျင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာကျော်နှင့် အမှုထမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်ဇင်လတ်တို့ ပူးပေါင်းကာ စစ်မှုထမ်းရန် ရောင်း စားမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သန်လျင်မီဒီယာက ဖော်ပြထားသည်။

မလေးရှားမှ ပြန်လည်ရောက်ရှိလာပြီး သန်လျင်မြို့ သာသနာ့ဗိမာန်တွင် ခေတ္တထိန်းသိမ်းထားသည့် ရခိုင်တိုင်းရင်းသားအချို့ကို သန်လျင်မြို့နယ် YMBA အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ အမှုထမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လတ်က ငွေကျပ် ၄၀ သိန်းခန့် ပေးမည်ဟုဆိုကာ စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ခေါ်ဆောင်ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်က မလေးရှားနိုင်ငံမှ ပြန်လည်ပို့ဆောင်လိုက်သည့် မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးအနက် ရခိုင်ဒေသခံ ၄၀၀ ကျော်ကို သန်လျင်မြို့ သာသနာ့ဗိမာန် အပါအဝင် ရန်ကုန်မြို့ရှိ ယာယီစခန်းများတွင် အာဏာပိုင်များက နေရပ်သို့ ပြန်လည်ထွက်ခွာခွင့်မပေးဘဲ ဆက်လက်ပိတ်လှောင် ထိန်းသိမ်းထားခြင်းဖြစ်သည်။

“သန်လျင်က သာသနာ့ဗိမာန်တော်ကြီးထဲမှာ နေ့ည ရဲတွေနဲ့ အလှည့်ကျကင်းစောင့်နေကြတာ။ မနက်ကျရင် လေ့ကျင့်ခန်းလိုမျိုး သင်တန်းပေးနေတာ။ အခုထိ နေရပ်ပြန်မရောက်ကြသေးဘဲ စစ်မှုထမ်းဖို့ အတင်းခေါ်ရောင်းစားခံရတာတွေရှိတယ်။ မိသားစုက အချက်အလက်အပြည့်အစုံနဲ့ လာခေါ်ရင်ထုတ်ပေးတယ်။ လာထုတ်မယ့်သူမရှိရင် ဆက်ပြီးထိန်းသိမ်းထားတာ” ဟု အဆိုပါအခြေအနေကိုသိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မလေးရှားနိုင်ငံ ထိန်းသိမ်းစခန်းအသီးသီးမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅,၀၀၀ အနက် ပထမအသုတ် ၁,၄၇၆ ဦးကို စက်တင်ဘာ ၂၉ ရက်က မလေးရှားနိုင်ငံ၊ လူမွတ် (Lumut) ဆိပ်ကမ်းမှတစ်ဆင့် စစ်သင်္ဘော သုံး စီးဖြင့် ရန်ကုန်သို့ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အမှုထမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်ဇင်လတ်သည် မြို့နယ် YMBA ဥက္ကဋ္ဌ အမည်ခံကာ တရားမဝင် မော်တော်ယာဉ်များကို စီးနင်းလျက်ရှိသည့်အပြင် ရပ်ကွက်အတွင်း၌လည်း စစ်မှုထမ်းကြေး ခေါင်းစဉ်ဖြင့် တစ်လလျှင် ငွေကျပ် သုံးသောင်းခန့်အထိ ပြည်သူများထံမှ ဖိအားပေး အဓမ္မကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ – သန်လျင်မြို့နယ် ဒု-အုပ်ချုပ်ရေးမှူး အာကာကျော်နှင့် အမှုထမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ် YMBA အဖွဲ့ဥက္ကဋ္ဌ ကျော်ဇင်လတ်။