ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

အီရန်နဲ့စစ်ပွဲမှာ ကမ္ဘာ့အဓိက ရေလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားအနီး သင်္ဘောတွေရဲ့ လုံခြုံရေးကို စောင့်ရှောက်ပေးနိုင်ဖို့ ကင်းလှည့်လေယာဉ်တွေနဲ့ မိုင်းရှင်းလင်းရေးအဖွဲ့ကို စေလွှတ်သွားမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ပါတယ်။

အီရန်စစ်ပွဲမှာ စစ်ရေးအရ တိုက်ရိုက် ဝင်စွက်ဖက်ဖို့ တပ်ဖွဲ့တွေ စေလွှတ်မှာမဟုတ်ဆိုတဲ့ မူဝါဒကို တောင်ကိုရီးယားအစိုးရက ဆက်လက် ထိန်းသိမ်းထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ အမေရိကန်နဲ့ အီရန်တို့ကြား စစ်ပွဲကြောင့် ကမ္ဘာ့ရေနံ ထောက်ပံ့မှု ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းသွားလာရာ ဟော်မုဇ်ရေလက်ကြားမှာ ရေကြောင်းသွားလာမှု အဟန့်အတား ဖြစ်ခဲ့ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အေဒင်ပင်လယ်ကွေ့အတွင်း ပင်လယ်ဓားပြဘေး ကာကွယ်နေတဲ့ ချောင်ဟေရေတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးနယ်မြေကို ဟော်မုဇ်ရေလက်ကြားအနီးအထိ တိုးချဲ့သွားဖို့ ပြင်ဆင်နေကြောင်း အတည်ပြုခဲ့ပါတယ်။

စစ်ဘက် အကူအညီပေးရေးအဖွဲ့မှာ စစ်သင်္ဘော၊ P-8 ပင်လယ်ပြင် ကင်းလှည့်လေယာဉ်၊ မိုင်းရှင်းလင်းရေးအဖွဲ့၊ မောင်းသူမဲ့ရေယာဉ်တွေနဲ့ ရေအောက် စူးစမ်းရှာဖွေရေး စက်ပစ္စည်းတွေ ပါဝင်မယ်လို့ သိရပါတယ်။

ယခုနှစ်ကုန်အထိ သက်တမ်းရှိတဲ့ ချောင်ဟေရေတပ်ဖွဲ့ရဲ့ တာဝန်တွေကို တိုးချဲ့နိုင်ဖို့အတွက် တောင်ကိုရီးယားလွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်မှာ ဖြစ်ပါတယ်။

စစ်ဆင်ရေး တိုးချဲ့မှုဟာ တောင်ကိုရီးယား နိုင်ငံသားတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောပါတယ်။

ယခုလို တပ်ဖွဲ့စေလွှတ်မှုဟာ တိုက်ခိုက်ရေး မဟုတ်တဲ့ ကူညီရေးလုပ်ငန်းတွေအတွက်ဖြစ်ပြီး မဟာမိတ်တပ်ဖွဲ့တွေနဲ့ သီးခြားစီ လှုပ်ရှားသွားမယ်လို့ ၎င်းက ဆိုပါတယ်။

တောင်ကိုရီးယား ကင်းလှည့်လေယာဉ်တွေအနေနဲ့ အီရန်ပိုင်နက်၊ ရေပြင်ပိုင်နက်နဲ့ ဟော်မုဇ်ရေလက်ကြားမှာ ပစ်မှတ်ထား စောင့်ကြည့်ခြင်းတွေ ပြုလုပ်မည် မဟုတ်ဘူးလို့ သိရပါတယ်။

စက်တင်ဘာလအတွင်း တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က အီရန်စစ်ပွဲအတွင်း တိုက်ရိုက် ပါဝင်ပတ်သက်မယ့် တပ်ဖွဲ့ စေလွှတ်မှုမျိုး ပြုလုပ်မှာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားအနေနဲ့ ရေကြောင်းလိုင်းများ လုံခြုံရေးအတွက် ကူညီဖို့ စဉ်းစားနေမှုအပေါ် တပ်ဖွဲ့များ စေလွှတ်တာ မပြုလုပ်ဖို့ အီရန်အစိုးရက သတိပေးထားပါတယ်။

News: AFP
Ref; South Korea to deploy military mission to help keep Hormuz open