ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

ပြင်ပစွက်ဖက်မှုတွေနဲ့ အုပ်စုဖွဲ့ ထိပ်တိုက်တွေ့အောင် လှုံ့ဆော်မှုတွေကို ပူးပေါင်းဆန့်ကျင်ကြဖို့ အိမ်နီးချင်း ၅ နိုင်ငံကို တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တိုက်တွန်းလိုက်ပါတယ်။

ပေကျင်းမြို့မှာ ကျင်းပတဲ့ (၁၁) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်စဉ် ၎င်းက အခုလို ပြောတာပါ။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့နဲ့ ၂၀၁၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး တရုတ်နိုင်ငံအတွင်း လန်ချန်းမြစ်လို့ ခေါ်ဆိုကာ ကျန် ၅ နိုင်ငံမှာ မဲခေါင်မြစ်လို့ ခေါ်ဆိုတဲ့ မြစ်ကို အစွဲပြုပြီး အမည်ပေးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရရှိခဲ့တဲ့ အသီးအပွင့်တွေကို အခြေခံပြီး လာမယ့် ဆယ်စုနှစ်ကိုလည်း ကောင်းမွန်သော ရွှေရောင်ဆယ်စုနှစ်အဖြစ် ပူးပေါင်းဖန်တီးကြဖို့ ဝမ်ယိက တိုက်တွန်းပါတယ်။

မဲခေါင်-လန်ချန်း နိုင်ငံတွေအနေနဲ့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာတွေကို ပိုမိုဟန်ချက်ညီအောင် ပူးပေါင်းဆောင်ရွက်သင့်သလို ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကိုလည်း ပိုမို ချောမွေ့အောင် လုပ်ဆောင်သင့်တယ်လို့ သူက ဆိုပါတယ်။

ဒီဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တုနည်းပညာ (AI)၊ စက်မှုနည်းပညာနဲ့ စိုက်ပျိုးရေးစတဲ့ အနာဂတ် နည်းပညာသစ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ၎င်းက တိုက်တွန်းပါတယ်။

ပြင်ပစွက်ဖက်မှုတွေ၊ အုပ်စုဖွဲ့ ထိပ်တိုက်တွေ့အောင် လှုံ့ဆော်မှုတွေကို ငြင်းပယ်ကြဖို့နဲ့ စစ်ဝါဒ ပြန်လည်ခေါင်းထောင်လာမှုကို လုံးဝ ခွင့်မပြုကြဖို့ ဝမ်ယိက ပြောပါတယ်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးပေါင်းနှိမ်နင်းဖို့နဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကြဖို့ တရုတ်က အဆိုပြုခဲ့ပါတယ်။

News: Anadolu Agency
Ref; China urges Lancang-Mekong nations to oppose ‘external interference