ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဟာ ပဋိပက္ခ လျှော့ချရေး၊ နယ်စပ်သို့ စစ်မီးမကူးစက်ရေးနဲ့ အာဆီယံအစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ပြန်ပါဝင်နိုင်ရေး အခြေအနေတွေကို ဆွေးနွေးဖို့ နိုဝင်ဘာ ၁၂ ရက်မှာ မြန်မာနိုင်ငံသို့ လာရောက်မယ်လို့ သိရပါတယ်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (MLC) ဖိုရမ် တက်ရောက်ဖို့ ပေကျင်းမြို့သို့ ရောက်ရှိနေတဲ့ ဆီဟာဆက်က မြန်မာစစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနဲ့ ၁၀ မိနစ်ကြာ ဖုန်းနဲ့ ဆွေးနွေးစဉ် အခုလို ပြောဆိုခဲ့တာပါ။

ထိုင်း-မြန်မာနယ်စပ်အနီး မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံမှာ ထိခိုက်မှုတွေရှိနေပြီး ထိုင်းနိုင်ငံသားအချို့ ဒဏ်ရာရရှိခဲ့မှုအပေါ် စိုးရိမ်ကြောင်း ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကို နယ်စပ်နဲ့ ဝေးဝေးမှာ ပြုလုပ်ကြဖို့နဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေက ထိုင်းနိုင်ငံကို ထိခိုက်မှု မရှိစေဖို့ ၎င်းက တိုက်တွန်းပါတယ်။

တိုက်ပွဲတွေ လျှော့ချနိုင်ခြင်းက ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ ဆွေးနွေးပွဲတွေနဲ့ စေ့စပ်ရေး လုပ်ငန်းစဉ်တွေ ဖြစ်ပေါ်လာဖို့ ကောင်းမွန်တဲ့ အခင်းအကျင်းတစ်ခု ဖြစ်လာမယ်လို့ သူက ဆိုပါတယ်။

အာဆီယံနိုင်ငံတွေရဲ့ အဓိက စိုးရိမ်ပူပန်မှုဖြစ်တဲ့ အကြမ်းဖက်မှု လျှော့ချရေး တောင်းဆိုချက်ကို မြန်မာစစ်အုပ်စုက အပြုသဘော တုံ့ပြန်ဖို့ လိုအပ်တယ်လို့ ၎င်းက ထောက်ပြပါတယ်။

တိုက်ခိုက်မှုတွေ လျှော့ချနိုင်ပါက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဖြစ်ပေါ်စေနိုင်တဲ့ အခင်းအကျင်းကောင်း ရရှိမှာဖြစ်သလို အာဆီယံ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ပြန်လည် ပါဝင်ခွင့်ရရေးအတွက်လည်း အထောက်အကူဖြစ်စေမယ်လို့ ဆီဟာဆက်က ပြောပါတယ်။

မြန်မာခရီးစဉ်အတွင်း ရွေးတုသမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံနိုင်ဖို့ ညှိနှိုင်းနေတယ်လို့ ထိုင်းနိုင်ငံက အတည်ပြုထားပါတယ်။
စစ်အုပ်စုခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေက ထိုင်းနိုင်ငံရဲ့ စိုးရိမ်မှုတွေကို လက်ခံခဲ့ပြီး စစ်အုပ်စု ခေါင်းဆောင်ပိုင်းထံ အကြောင်းကြားပေးမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံကို ထိခိုက်စေမယ့် စစ်ရေးလှုပ်ရှားမှုတွေ မဖြစ်စေဖို့ ကြိုးပမ်းသွားမယ်လို့ ၎င်းက ကတိပြုပါတယ်။

News: Bangkok Post
Ref; Sihasak to urge curbs to violence on trip