ဧရာဝတီတိုင်းမ်
(ရေး)၊ နိုဝင်ဘာ ၅ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရေးအခြေစိုက် ရွေးတုအစိုးရလက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၉ လက်အောက်ရှိ အမတ-၃၁၆ တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦးကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
တပ်ကြပ်ကြီး ကျော်သူဝင်းဆိုသူကို ရေးဘီလူးအဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းကို အမြှောက်တပ် အမတ-၃၁၆ တပ်ရင်းအနီး၌ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
“တပ်ဧရိယာအနီးနားမှာ ဖမ်းဆီးရရှိတာပါ။ တပ်ကဘာမှမသိလိုက်ပါဘူး။ ဖမ်းမိကြောင်းပဲအရင်ထုတ်ပြန်လိုက်တာပါ” ဟု ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖမ်းဆီးရမိခဲ့သည့် အသက် ၃၉ နှစ်အရွယ် တပ်ကြပ်ကြီးကျော်သူဝင်းသည် အမတ-၃၁၆ တပ်ရင်းတွင်ပင်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းအားမည်သို့အရေးယူမည်ကိုမူ ရေးဘီလူးအဖွဲ့ကထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
ရေးမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့ကလည်း ရေးမြို့တံတားကြီးစစ်ဆေးရေးဂိတ်စခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ရာထူးရှိ မောင်ဝေဟင်ပိုင်ကျော်နှင့် ပြည်သူ့စစ်တစ်ဦးအား ရေးဘီလူးအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ရေးဘီလူး