ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာရှိ ပြည်သူ့ဆေးရုံကို ရွေးတုအစိုးရ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆရာဝန် ဒေါက်တာ ဇာနည်ထွန်း (ခ) ပွကြီး အပါအဝင် ကျန်းမာရေး ဝန်ထမ်း ငါး ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဆေးကုသမှု ခံယူနေရသည့် အရပ်သား ပြည်သူ အများအပြားလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

ရွေးတုအစိုးရ စစ်တပ်သည် မြေပြင်တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ယမန်နေ့ နိုဝင်ဘာ ၄ ရက် ည ၇ နာရီခန့်က ကောလင်းမြို့နယ် အရှေ့ခြမ်း၊ လျှော်ဖြူကုန်းကျေးရွာရှိ ပြည်သူများကို ဆေးကုသပေးနေသည့် အဆိုပါ ဆေးရုံကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“မနေ့ညက လေယာဉ်ဝဲကတည်းက အကုန် ပုန်းခိုကြပေမဲ့ ဗုံးက ဗုံးခိုကျင်းပေါ် တိုက်ရိုက် ကျသွားတယ်။ ဆရာဝန်တစ်ဦးနဲ့ ဆေးဝန်ထမ်းတွေ ဆုံးရှုံးရတယ်၊ လူနာတွေလည်း ထိခိုက်တယ်” ဟု ကောလင်း ဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြသည့် ပြည်သူများနှင့် ကျန်းမာ ရေးဝန်ထမ်းများ အပါအဝင် ငါး ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ သေဆုံးသူ အရေအတွက်မှာ ထပ်မံ တိုးလာနိုင်ကြောင်း Kawlin Revolution (KR) ထံမှ သိရသည်။

 

ထို့ပြင် နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းကလည်း ရွှေဘို-မြတောင်-ဗန်းမောက် လမ်းမကြီးပေါ်ရှိ ကျောင်းကုန်းကျေးရွာ အနီးတွင် စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရ စစ်တပ်က မတရား ဖမ်းဆီး ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ ပြည်သူများဖြစ်ကြသည့် ဒေါ်သင်းသင်းလှ အသက် (၄၀) နှစ်၊ ကိုကြက်ရိုး အသက် (၂၀) နှစ် နှင့် အမည်မသိသေးသည့် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ရသည်။

 

ဗုံးကြဲတိုက်ခိုက်ခံရသည့် လျှော်ဖြူကုန်းကျေးရွာသည် ကောလင်းမြို့နယ် အရှေ့ခြမ်း၊ ရွှေဘို-မြတောင် ဗျူဟာမြောက် လမ်းမကြီးအနီး၌ တည်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသတစ်ခု ဖြစ်သည်။ လက်ရှိအချိန်ထိ ကောလင်းဘက်သို့ ထိုးစစ်ဆင်လာသည့် ရွေးတုအစိုးရ စစ်တပ်၏ စစ်ကြောင်းမှာ ဒိုးပင်နှင့် ကျွန်းတောရွာတို့တွင် တပ်စွဲထားကြောင်း သိရသည်။

 

ဓာတ်ပုံ -၂၀၂၅ ခုနှစ်က ကောလင်း မုတ်ဝကျေးရွာ စာသင်ကျောင်းကို စစ်တပ်က ဗုံကြဲခဲ့စဥ် (ပုံဟောင်း)