ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေရှိလင့်ကစား တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံက ခေတ်မီ ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တွေ အပါအဝင် တိုက်လေယာဉ် ၂၄၀ ကျော်နဲ့ ငါးနှစ်အတွင်း ပထမဆုံးသော ပ မာဏကြီးမားတဲ့ လေတပ်ဆိုင်ရာ လေ့ကျင့်မှုတွေ စတင်လိုက်ပြီဖြစ်ပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုတစ်ရပ် လုပ်ဆောင်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိနေစဉ် တောင်ကိုရီးယားနဲ့ အမေရိကန်က “Vigilant Storm” လို့ခေါ်တဲ့ လေတပ်ဆိုင်ရာလေ့ကျင့်မှုကို ကိုရီးယားကျွန်း ဆွယ်ဝေပိုင်နက်မှာ သောကြာနေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။

မဟာမိတ်တွေရဲ့ စစ်ရေးလေ့ကျင့်မှုကို လက်တုံ့ပြန်သောအားဖြင့် မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံး ကျည်တွေ၊ အမြောက်ကြီးတွေ ပစ်ခတ်ခြင်းအားဖြင့် လက်နက်ကြီးပစ်ခတ်မှုစွမ်းအားကို ပြသဖွယ်ရှိပါတယ်။

တောင်ကိုရီးယားနိုင်ငံက စစ်ရေးလေ့ကျင့်မှုအတွက် F-35A ကိုယ်ပျောက်တိုက်လေယာဉ်တွေ၊ F-15K နဲ့ KF-16 ဂျက်တိုက်လေယာဉ်တွေ အပါအဝင် စစ်လေယာဉ် အစင်း ၁၄၀ ခန့် စေလွှတ်ခဲ့သလို အမေရိကန်နိုင်ငံက လည်း ဂျပန်နိုင်ငံ အိုကီနာဝါအခြေစိုက် F-35B ကိုယ်ပျောက်တိုက်လေယာဉ်တွေ၊ EA-18 တိုက်လေယာဉ်တွေ၊ KC-13 ဆီဖြည့်လေယာဉ်တွေနဲ့ U-2 ကင်းထောက်လေယာဉ်တွေ ဖြန့်ကြက်ခဲ့ပါတယ်။

သြစတြေးလျလေတပ်ဖွဲ့ကလည်း KC-30A ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းနဲ့အတူ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်လျက်ရှိပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံက Vigilant ACE အမည်နဲ့ ပူးတွဲလေတပ်ဆိုင်ရာ လေ့ကျင့်မှုကို ၂၀၁၅ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ မွန်ဂျေအင်းအစိုးရက ကိုရီးယားနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို လုပ်ဆောင်လာခဲ့တာကြောင့် ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ စစ်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အရှေ့ပင်လယ်အတွင်းသို့ တာတိုပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်တာ အပါအ ဝင် မကြာသေးမီ သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားနိုင်ငံရဲ့ ရန်စမှုတွေ ဆက်တိုက်ရှိခဲ့ပေမယ့် အခုလို ပူး တွဲလေတပ်ဆိုင်ရာ လေ့ကျင့်မှုကို ပြုလုပ်ခဲ့တာပါ။

ကိုးကား – Yonhap
Ref; S. Korea, U.S. begin 5-day combined air drills involving stealth jets