
ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်
ဧရာ၀တီတိုင်း၊ ကျောင်းကုန်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတွေက တောနယ်တွေမှာ ဆိုင်ကယ်နဲ့ ရေခဲချောင်းလှည့်လည်ရောင်းချနေသူကို ဖမ်းဆီးပြီး ဒဏ်ငွေ ၃ သောင်းနဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်က ယာဉ်ထိန်းရဲတွေဦးဆောင်တဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိမ်းသိမ်းရေး အဖွဲ့တွေဟာ ယခင်က မြို့ပေါ်က ကား၊ ဆိုင်ကယ်နဲ့ စက်ဘီး၊ ဆိုက္ကားပါမချန် အပြစ်ရှာဖမ်းဆီးမှုတွေ ပြုလုပ်နေခဲ့ရာကနေ အောက်တိုဘာလ နောက်ဆုံးပတ်မှာ မြို့ပေါ်သာမက တောနယ်တွေပါဆင်းပြီး ဆိုင်ကယ်၊ စက်ဘီးတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မော််တော်ပီကယ်တွေက မြို့ပေါ်မှာမဖမ်းပဲနဲ့ရွာတွေလိုက်ပြီးဖမ်းတယ်။ ဘယ်လိုလူတွေကိုဖမ်းလည်းဆိုတော့ ဒန်အိူးဒန်ခွက်ဝယ်တဲ့သူတွေ၊ ရေခဲချောင်းရောင်းတဲ့သူတွေကိုဖမ်းတယ်။ ကျနော်တို့အသိတယောက် ရွာတွေလှည့်ပြီး ရေခဲချောင်းရောင်းတာ အဖမ်းခံရတယ်။ ရဲစခန်းကို ဖမ်းခေါ်သွားလို့ ၃ သောင်းနဲ့ ရဲစခန်းမှာ သွားရွေးရတယ်။ မရှိလို့ ရေခဲချောင်းရောင်းစားပါတယ်ဆိုမှ အပြစ်ရှာအဖမ်းခံရပြီး ဒဏ်ငွေပါ ဆောင်လိုက်ရတယ်”လို့ ကျောင်းကုန်းဒေသခံအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
ဧရာ၀တီတိုင်းမှာ စစ်ကောင်စီလက်အောက်က တိုင်းအစိုးရအမိန့်နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိမ်းသိမ်းရေးဆိုပြီး မြို့နယ်အသီးသီးမှာ ဆိုင်ကယ်၊ စက်ဘီးနဲ့ ဆိုက္ကားတွေကို အမျိုးမျိုးအပြစ်ရှာ ဖမ်းဆီး နေတာကြောင့် ဒေသခံတွေမှာ သွားလာရေးအခက်အခဲနဲ့ မလုံခြုံမှု၊ ငွေကြေးကုန်ကျမှု အခက်အခဲတွေ ကြုံတွေ့နေရကြောင်း သိရပါတယ်။
ဓာတ်ပုံ-ပုံအဟောင်းအား အသုံးပြုထားပါသည်။