
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၁ ရက်
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၃ လမ်းနှင့် ၅၈ လမ်းကြားရှိ (စ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ယနေ့ နံနက်ပိုင်းက ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း Anonymous Force MDY အဖွဲ့ကထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က အဆိုပါ ရပ်ကွက်ရုံးတွင် တပ်စွဲထားသည့် စကစအဖွဲ့ဝင်များနှင့် အုပ်ကြီးအပါအဝင် စုပြုံရောက်ရှိနေချိန် ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါ ၂ ဦးသေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“၂ ဦးသေတယ်။ ၇ ဦးထိတယ်။ အုပ်ကြီးကတော့ ဗိုက်ပွင့်ပြီး သေတယ်။ နောက်တစ်ယောက်က သူ့ နောက်လိုက်။ စစ်သားတွေက ထိခိုက်ဒဏ်ရာပဲ ရတယ်” ဟု Anonymous Force MDYမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၎င်းမှဆက်လက်ပြီး “ကျွန်တော်တို့ အခုတိုက်ခိုက်မှု က ဗိုလ်အောင်မြေနဲ့ အရင်ပတ်ကမှ ကျဆုံးသွားတဲ့ တပ်ဖွဲ့က ရဲဘော်ရှမ်းလေးအတွက် သွေးကြွေးဆပ်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ”ဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Anonymous Force MDY၊ Mandalay Youngs Force Trust Keeping Force အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။