
ဧရာဝတီတိုင်းမ်
(ထီးလင်း)၊ အောက်တိုဘာလ ၃၁ ရက်
စစ်ကိုင်းတိုင်း၊ ထီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး ယနေ့ အောက် တိုဘာ လ ၃၁ ရက်နေ့အထိ ၁ လကျော်အကြာ စစ်ကြောင်းထိုးမှုများအတွင်း လူသေဆုံးမှုများနှင့်လူနေ အိမ်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ဂန့်ဂေါနယ်ဘက်မှဝင်ရောက်လာသော ခလရ ၅၀ စစစ်ကောင်စီတပ်မှ စစ်ကောင်စီတပ်သားနှင့်ပျူစောထီးအင် အား ၁၂၀ ဝန်းကျင်ရှိ စစ်ကြောင်းသည်အညာတောရွာမှစတင်စစ်ကြောင်းထိုးလာပြီးစစ်ကြောင်းဖြတ်သွားရာ လမ်းတစ်လျှောက်ရှိရွာများအား မီးရှို့ဖျက်ဆီးခြင်းများ၊ ဒေသခံများအားဖမ်းဆီးသတ် ဖြတ်ခြင်းများပြုလုပ်ခဲ့သဖြင့် ဒေသခံ ၆ ဦးသေဆုံးခဲ့ပြီး လူနေအိမ် ၉၀ ကျော်မီးလောင်ပျက်ဆီးခဲ့ကြောင်း ဒေသ ခံများထံကသိရသည်။
အဆိုပါ ခလရ ၅၀ စစ်ကြောင်းသည် ထီးလင်း၊ ကျောက်ထု၊ မင်းတပ် မြို့နယ်၃ခုအကြားတွင် စခန်းချနေသည့် ရွှေအောင်သာရွာ တပ်စခန်းသို့ လစာ၊ လက်နက်ခဲယမ်းများသွားရောက်ပို့ဆောင်သည်ဟုထင်ရကြောင်းထီးလင်း ဒေသကာကွယ်ရေးတပ်နှင့်နီးစပ်သူ တဦးမှပြောသည်။
ရွှေအောင်သာစခန်းမှအပြန် အဆိုပါစစ်ကြောင်းသည် ထီးလင်းမြို့နယ်အတွင်း အနောက်ဖက်ရွာအနီးတွင် စစ်ရှောင်နေသည့်စစ်ရှောင်စခန်းမှ လူငယ် ၄ ဦးအား ဖမ်းဆီးခေါ်ဆောင်လျက် အနောက်ဖက်ရွာထဲတွင် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“ဒီစစ်ကြောင်းထိုးတဲ့ကာလတလျောက် ရွာသားအယောက် ၇၀ ကျော် ဓားစာခံအဖြစ်ဖမ်းခံရတယ်၊ သေချာကိုစောင့်ပြီးဖမ်းတာပါ၊ ရွာသားတွေ ရှိနေရင် ကာကွယ် ရေးတပ်တွေက မတိုက်ဘူးဆိုတာသိနေတော့၊ မီးရှို့တာကတော့သူတို့လုပ်နေကြဘဲ၊ ဒီနောက်ဆုံးရှို့ခဲ့တာက ထန်း ပင်ကုန်းရွာမှာ ၆၃ လုံးမီးရှို့ခံရတာပါ၊ ဒေသခံကာကွယ် ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပြီး ရွာကိုမီးရှို့တာပါ” ဟု ထီးလင်းဒေသခံအမျိုးသားတဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထန်းပင်ကုန်းရွာတွင် အောက်တိုဘာလ ၂၇ ရက်နေ့၌ ထီးလင်းနယ်အတွင်းစစ်ကြောင်းထိုးနေသည့်တပ်အား YDF ထီးလင်းအပါအဝင်ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ ၅ ဖွဲ့မှစုပေါင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား အယောက် ၃၀ ကျော်ကျဆုံးခဲ့ပြီး ဒေသတွင်းကာကွယ်ရေးတပ်မှ ရဲဘော်တဦးမီးရှို့သတ်ခြင်းခံခဲ့ရကြောင်း သိရသည်။
“ကျဆုံးသွားတဲ့ရဲဘော်ကျွန်တော်တို့ ကျည်ကုန်လို့ဆုတ်ရတဲ့အချိန်မှာ စစ်ကူလာတာ၊ လမ်းမှာဖြတ်ပစ်ခံရတာ၊ ကျည်လောက်ရှိရင်ဒီစစ်ကြောင်းတွေကိုလည်းသေချာတိုက်ခိုက်နိုင်ပါတယ်၊ ပြည်သူတွေကိုလဲကျည်ဖိုးကူညီပေးပါလို့ပြောချင်ပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့တဦးမှပြောသည်။
စစ်ကောင်စီတပ်များမှ ယောဒေသဖြစ်သည့် ထီးလင်း၊ ကျောက်ထု၊ ဂန့်ဂေါနယ်တလျှောက်တွင်ယနေ့အောက် တိုဘာလ ၃၁ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဒေသခံပြည်သူများအနေဖြင့် သတိဖြင့်နေထိုင်ကြရန် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များက ပြောဆိုထားပါသည်။