ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁ ရက်

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အောက်တိုဘာလ ၂၄ ရက်နေ့က မြန်မာငွေစက္ကူအတု ၁ သောင်း ကျပ်တန် ၁၁ ရွက် ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

ငွေစက္ကူအတု ၁ သောင်းကျပ်တန် ၁၁ ရွက်ကို ကွင်းကြီးကျေးရွာအုပ်စု အောင်ဇံကွင်းကျေးရွာမှာ ဓါတ်ဆီ ဆိုင်ဆီလာဝယ်ရင်း ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“အဲ့လူက ကျောင်းကုန်းမြို့က သူပြောတာတော့ ကယ်ရီလိုက်ပို့ပြီး ဆိုင်ကယ်ဆီဝင်ဖြည့်တာပြောတယ် သူပေးတဲ့ပိုက်ဆံက အတုဖြစ်နေလို့ ဖမ်းရင်မိတာ လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ငွေစက္ကူအတုတွေနဲ့ဖမ်းမိခဲ့တဲ့ မင်းခန့်(ခ) မြတ်မင်းဦးဟာ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း အောင်ဇံကွင်းကျေးရွာက ဈေးဆိုင် ၂ ဆိုင်မှာ ငွေစက္ကူအတုတွေသုံးစွဲခဲ့သေးတယ်လို့ ဆိုပါတယ်။

မြန်မာငွေစက္ကူအတုတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ငွေစက္ကူအစစ်တွေနဲ့ ခွဲမရအောင် ပျံနှံလာတာကြောင့် အတုနဲ့အစစ် မသိဘဲ သုံးစွဲမိသူတွေသာ ဖမ်းဆီးခံရလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခုက အတုနဲ့ အစစ်သေချာမသိဘူး နယ်ဘက်ဆိုတော့ ပိုဆိုးတာပေါ့ အတုဖြန့်တဲ့သူတွေကလည်း မသိတဲ့ နားမလည်းတဲ့ ကျေးရွာတွေမှာ ပိုသုံးလာတာတွေ့ရတယ် အဲ့တော့ ဒေသခံတွေခံရတာပေါ့လို့ ရဲတပ်ဖွဲ့ဝင် ဟောင်းတဦးက ပြောပါတယ်။

အာဏာမသိမ်းခင်ကာလက ရဲတပ်ဖွဲ့အနေနဲ့ ငွေစက္ကူအတု ဖြန့်ဝေသုံးစွဲသူတွေကို အထိုက်အသင့် ဖမ်းဆီး နိုင်အောင် စုံစမ်းထောက်လှမ်းတာတွေပြုလုပ်နိုင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တော်လှန်ရေး အင်အားစုတွေနဲ့ သက်ဆိုင်တဲ့ ကွင်းဆက်တွေကိုသာ အားရုံစိုက်လေ့လာရှာဖွေနေရတာကြောင့် အရင်လို ငွေစက္ကူအတုတွေ မူးယစ်ဆေးဝါး ဖြန့်ဖြူးသုံးစွဲတာတွေကို နိုင်နိုင်နင်းနင်းမဖမ်းဆီးနိုင်တော့တာလို့ ဆိုပါတယ်။