ဧရာ၀တီတိုင်းမ်
အောက်တိုဘာလ ၂၉ ရက်

တိဗက်နိုင်ငံက သိုးအရမ်းမွေးတယ်။ သိုးတွေကို ဝံပုလွေက လာလာစားတော့ သိုးအုပ်ပိုင်ရှင် က လာစားတဲ့ ဝံပုလွေကိုသတ်ဖို့ ညဖက်စောင့်တယ်။

အဲ့ဒီမှာ အဖြစ်တစ်ခု သွားတွေ့တယ်။ ညဖက် ဝံပုလွေလာခါနီး သိုးတွေက အနံ့ကြိုရတယ်။ ဂဏာမငြိမ်တွေ ဖြစ်တယ်။ အော်တယ်..ဟိုပြေးသည်ပြေး လုပ်ကြတယ်။

ခဏနေတော့ ဝံပုလွေဝင်လာတယ်။ အေးအေးဆေးဆေးပဲ ဝင်လာတာ။ ဝံပုလွေက တစ်ကောင်ထဲပဲ။ သိုးတွေမှာ အော်ပြီး ပြေးကြတယ်။ တစ်ခြံလုံးကို ညံနေတာပဲ။
တကယ်က သိုးအုပ်က ရာချီတယ်။ အများကြီးပဲ။ တစ်ကောင် တစ်ချက်တက် နင်းရင်ကို ဝံပုလွေ အစအနရှာရမှာ မဟုတ်ဘူး။

ဒါပေမယ့် ဝံပုလွေ အနားကို မကပ်ဘူး။ ဝံပုလွေကို မထိရဲဘူး။ အချင်းချင်းပဲ တိုးကြဝှေ့ကြတယ်။ အချင်းချင်းပဲ တက်ကြနင်းကြ တယ်။ ငယ်သံပါအောင်ပဲ အော်နေကြတယ်။

ခဏနေတော့ ဝံပုလွေက သိုးတစ်ကောင်ကို ဖမ်းကိုက်တယ်။ အဖမ်းခံရတဲ့ သိုးခမြာ အော်လိုက်တာ။ ဘေးကသိုးတွေက ကြည့်နေတယ်။

အဖမ်းခံရတဲ့သိုးခမြာ သွေးတွေရွှဲပြီး ရုန်းလိုက်ကန်လိုက်တာ။ ဘေးကသိုးတွေ ကြည့်နေတယ်။ ခဏနေတော့ အဖမ်းခံရတဲ့သိုး သေသွားတယ်။ အသံငြိမ်သွားတယ်။ ဘေးကသိုးတွေလဲ အသံငြိမ်သွားတယ်။

ဝံပုလွေဟာ သိုးအုပ်အလည်မှာ ကျကျနနထိုင်ပြီး သူဖမ်းထားတဲ့သိုးကို အေးအေးဆေးဆေး ထိုင်စားတယ်။ ဘေးက သိုးတွေကလဲ မြက်လေးဝါးတဲ့သူက ဝါး၊ ချောင်လေးမှာ ခွေတဲ့သူကခွေ ဖြစ်ကုန်တယ်။

ခဏကြာလို့ ဝံပုလွေက စားသောက်ပြီး ဗိုက်ဝလို့ ပြန်ထွက်သွားတဲ့အချိန်မှာ တချို့သိုးတွေက ပြန်အိပ်ပြီး ဟောက်တောင် ဟောက်နေပြီ။

“သူတို့စိတ်ချတယ်လေ ဒီနေ့တော့ ငါမဟုတ်ဘူး။ ငါအစားမခံရဘူး။ တခြားအစားခံလိုက်ရတဲ့သိုးဟာ ငါမဟုတ်ဘူး ငါနဲ့မဆိုင်ဘူး။ နောက်နေ့ ဝံပုလွေလာရင် ငါမဟုတ်ဖို့ပဲ အရေးကြီးတယ်”

“ငါနဲ့လွတ်အောင် ငါနေမယ်။ ဝံပုလွေမမြင်ဖို့ မမိဖို့ပဲ လိုတယ်။ ဝံပုလွေမမိဖို့ တခြားသိုးကို နင်းဆိုလဲ နင်းမယ်။ ဝှေ့ဆိုလဲ ဝှေ့မယ် ဝံပုလွေကိုတော့ ကြည့်တောင်မကြည့်ရဲ ထိတောင်မထိရဲ ငါနေမယ်”။ ဒါက သိုးတွေရဲ့ ခံယူချက်။

ဒါဟာ တိရိစ္ဆာန်လောကမှာတော့ ဖြစ်နေကြပါပဲ။ မထူးဆန်းပါဘူး။ ဒါပေမယ့် ဒီလိုအဖြစ်မျိုး လူတွေကြားမှာ ဖြစ်လာရင်တော့အတိုင်းထက်အလွန် ဝမ်းနည်းစရာပဲ။ ကျွန်တော်တို့က လူတွေမဟုတ်လား။

ဒါပေမယ့် အလွန်ကို စိတ်မကောင်းစရာပါ။ အခုလူတွေကြားမှာ သိုးတွေ တွေ့ရပါတယ်။
အချင်းချင်းနင်းတဲ့သိုးတွေ
ချောင်လေးမှာ ကပ်နေတဲ့သိုးတွေ
ဝံပုလွေစာ ကိုယ်မဖြစ်ဖို့အရေး တခြားသူကို ထိုးကျွေးနေတဲ့ သိုးတွေ
ဝံပုလွေကိုငဲ့ပြီး အချင်းချင်း လက်နက်နဲ့ ရန်ပြုပေးချင်တဲ့ သိုးတွေ
ဝံပုလွေကို ကာကွယ်နေတဲ့ သိုးတွေ…
ဖြစ်ရလေဗျာ။

ကျွန်တော်တို့က လူတွေလေ၊ သိုးတွေမှ မဟုတ်ဘဲ။ လူနဲ့ တိရာစ္ဆာန် မှာ ကွာတာက အသိဉာဏ် စဉ်းစားဉာဏ်ပဲ ရှိပါတယ်။ စဉ်းစားဉာဏ်မရှိပဲ မဆင်ခြင်ဘဲ လုပ်နေမယ်ဆိုရင် လူဟာ တိရိစ္ဆာန်နဲ့ မကွာတော့ပါဘူး။

ပြီးတော့လေ တိရိစ္ဆာန်ဝံပုလွေက သိုးကို သတ်တာ လောလောဆယ် သူစားဖို့ပဲ သတ်တာ.. သူ တစ်ကောင်နဲ့ဗိုက်ဝရင် ဆက်မသတ်တော့ဘူး။

လူဝံပုလွေကျတော့ ငါ့ဖို့ ငါ့သားသမီးဖို့ ငါ့မြေးဖို့ ငါ့မြစ်ဖို့နဲ့ လောဘက ဘယ်တော့မှ အတောမသတ်ဘူး။ ဒါ့အတွက်သတ်ရမယ်ဆိုလဲ တစ်ရာနှစ်ရာ တစ်ထောင်နှစ်ထောင် သူဂရုစိုက်မှာမဟုတ်ဘူး။ စဉ်းစားဖို့ပါ။

(အွန်လိုင်းပေါ်မှ စာရေးသူတစ်ဦး၏စာမူကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။)
#Ayeyarwaddy_Times #ဆောင်းပါး