ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီးရှိ ဝါဆိုဦး KTV တွင် အောက်တိုဘာလ ၂၉ ရက် ယမန်နေ့ ညနေ ၅ နာရီအချိန်က ဆက်ကြေးတောင်းပြီး ဝင်ရောက်ပျော်ပါးနေသည့် ရဲတပ်ဖွဲ့ဝင် ၉ ဦးကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များမှ ဝင်ရောက်ပစ်ခတ်ရာ ၉ ဦးသေဆုံးကြောင်း LPDF အဖွဲ့များထံကသိရသည်။

ပစ်ခတ်ခံရသူများမှာ ငါန်းမြာကြီးရဲစခန်းမှ ဒုရဲအုပ် ရာဇာဝင်းမြင့် အပါ ရဲတပ်ဖွဲ့ဝင် ၉ ဦးဖြစ်ပြီး ညောင်ထောက်ပင်ကျေးရွာ၊ မြင်းခြံ-မြို့သာကားလမ်းဘေးရှိ အဆိုပါ KTVတွင် ရောက်ရှိနေစဥ် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ လက်ပစ်ဗုံး၊ သေနတ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အာသာဖြေပျော်ပါးပြီး ဖရီးကြိတ်နေတဲ့ကောင်တွေကို ဖရီးဝင်ကြိတ်ခဲ့တာပါ။ ဝန်ထမ်းတွေကို ထိခိုက်မှု မရှိအောင် ဆောင်ရွက်ခဲ့တာပါ။ ငါန်းမြာကြီး ဒုရဲအုပ် ရာဇဝင်းမြင့်နဲ့ နောက်လိုက်တပ်သား ၉ ယောက်လုံး ငရဲပြည်ကို လျက်ဆာပုလင်းနဲ့အတူ ငရုတ်သီးတောင့် နဲ့ပါ ဖောင်းဒိုင်းကျွေးခဲ့တာပါ”ဟု TGYR-Youth Guerrilla Counter Revolution (LPDF)မှ တာဝန် ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းမှဆက်လက်ပြီး “ကျွန်တော်တို့အဖွဲ့က ရဲဘော်တစ်ယောက်နဲ့ မဟာမိတ်ရဲဘော်တစ်ယောက် ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။ မစိုးရိမ်ရပါဘူး”ဟု ဆိုသည်။

မြင်းခြံခရိုင် PDF တပ်ရင်း ၇ Zero ပြောက်ကျား တပ်ဖွဲ့ကလည်း ငါန်းမြာကြီးရဲစခန်းမှ ရဲ ၉ ဦးအား KTV အတွင်းဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ရဲ ၉ ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကိုမဟာမိတ်အဖွဲ့များဖြစ်သည့် TGYR- Youth Guerrilla Counter Revolution (LPDF)၊ Myint Nge People Defence Force- MN PDF၊ ဇာမဏီပျောက်ကျားတပ်ဖွဲ့၊ မာန်စွယ်ကျား ပျောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ညနေပိုင်းကပင် ညောင်ဦးမြို့နယ် ငါ့သရောက်မြို့နယ်မြေ PDF အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းမှူးအပါ အဝင် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးခဲ့ကြောင်းသိရသည်။