ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်
မြန်မာနိုင်ငံအတွင်းနှင့် ရွှေ့ပြောင်းလုပ်သားများကြား လူသုံးများသည့် တောင်ကြာပန်း အပါအဝင် အမျိုးသားအားတိုး တိုင်းရင်းဆေး ခြောက် မျိုးမှာ အနောက်တိုင်းဆေးဝါးများ ခိုးယူရောနှောထုတ်လုပ်ထားသည့် စံမညီဆေးဝါးများဖြစ်သဖြင့် သုံးစွဲရန်မသင့်ကြောင်း ယမန်နေ့ မေ ၁၅ ရက်တွင် ရွေးတုအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အများပြည်သူ သုံးစွဲရန်မသင့်ဟု ထုတ်ပြန်လိုက်သည့် ဆေးဝါးများမှာ တောင်ကြာပန်း အမျိုးသားအားတိုးဆေး၊ ဘီလူးငါးကောင် အမျိုးသားအားတိုးဆေး၊ Double X အမျိုးသားအားတိုးဆေး၊ ဆင်ပြောင်ကြီး အမျိုးသားအကြောအားတိုးဆေး၊ နတ်စည်းစိမ် အမျိုးသားအားတိုးဆေးနှင့် ဇော်ဂျီလက်စွဲ အကြောအားတိုးဆေး တို့ဖြစ်ကြသည်။
အဆိုပါ ဆေးဝါးများအတွင်း တိုင်းရင်းဆေးဖော်စပ်နည်းအတိုင်း မဟုတ်ဘဲ အနောက်တိုင်းဆေးများဖြစ်သည့် ဆေးပြာ (ခေါ်) ဗိုင်အာဂရာ (Viagra) တွင် ပါဝင်သော ဆိုင်ဒီနာဖေးလ် (Sildenafil) နှင့် တာဒါလာဖေးလ် (Tadalafil) ကဲ့သို့သော ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရမည့် အမျိုးသားအားတိုးဆေးဝါးများကိုထည့်သွင်း သုံးစွဲထားကြောင်း သိရသည်။

“တောင်ကြာပန်းက ထိုင်းရောက်မြန်မာတွေကြားထဲမှာ အတော်လေး လူသုံးများတယ်။ သတင်းတွေ ထိထိရောက်ရောက် ပျံ့နှံ့ဖို့လိုသလို ပြည်တွင်းမှာလည်း သုံးတဲ့သူ အများကြီးရှိနိုင်ပါတယ်။ အခုက ရောင်းတဲ့လူကို ဖမ်းမယ်ဆိုတော့၊ အဓိက ထုတ်လုပ်တဲ့နေရာကိုပဲ ရှာဖွေပြီး ပိတ်ပင်တားဆီးရမှာပါ” ဟု ထိုင်းရောက် မြန်မာလုပ်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ စံမညီတိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းများနှင့် ဆေးဆိုင်များအနေဖြင့် ဆက်လက်ရောင်းချနေပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ ၃၁၊ ၃၂ တို့ဖြင့် အရေးယူမည်ဟု ရွေးတုကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့ကလည်း ပါရာစီတမော (Paracetamol) နှင့် ဒိုင်ကလိုဖီနက် (Diclofenac) ကဲ့သို့သော အင်္ဂလိပ်ဆေးများ ခိုးယူရောနှောထားသည့် တိုင်းရင်းဆေးဝါး ၆ မျိုးကို သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ခဲ့ဖူးသည်။
ဓာတ်ပုံ – အင်တာနက်