နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုကြီးထွားလာသည့် အွန်လိုင်းလိမ်လည်ဂိုဏ်း (ခေါ်) ကျားဖြန့် ကိစ္စ တိုက်ဖျက်ရေးအတွက် သေဒဏ်အထိ ချမှတ်နိုင်မည့် ဥပဒေကြမ်းကို ရွေးတုအစိုးရက ထုတ်ပြန် လာခြင်းသည် ၎င်းတို့ကိုယ်တိုင် ပါဝင်ပတ်သက်နေမှုများကို ဖုံးကွယ်ရန် မျက်လှည့်ပြခြင်းသာ ဖြစ်ကြောင်း အကဲခတ်များနှင့် တရားရေးအသိုင်းအဝိုင်းက ထောက်ပြသည်။

ရွေးတုအစိုးရသည် အဆိုပါ ဥပဒေကြမ်းကို မြန်မာ့ကျားဖြန့်အရေး စောင့်ကြည့်ဒဏ်ခတ်နေသည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတရှီကျင်ဖျင်တို့ တွေ့ဆုံချိန်နှင့် တိုက်ဆိုင်စွာ ထုတ်ပြန် လာခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့သည် ကျားဖြန့် ဂိုဏ်းအဖွဲ့အတွင်းရှိ အဓိကတရားခံမဟုတ်သော အောက်ခြေ ဝန်ထမ်း အချို့နှင့်အလိမ်ခံရသူအချို့ကိုသာ ဖမ်းဆီးလွှဲပြောင်းပြပြီး ဟန်ပြဝါဒဖြန့်နေကြောင်း သိရသည်။

“တစ်ယောက်မှလည်း သေဒဏ် မပြောနဲ့၊ ထောင်ဒဏ် ဘယ်နဲ့နှစ်ဆိုပြီး ချတာမျိုး မရှိဘူး။ ထရမ့်က ပြောလာခဲ့ရင် မပြေးသော် ကန်ရာရှိ လုပ်ဝာာမျိုးပါ၊ ဖမ်းမိလည်း လွတ်ငြိမ်း ဆိုပြီး ရောကြိတ် ပြန်လွှတ်နေတာပါ။ အန္တရာယ် မသေးဘူးဆိုတာ မီးမောင်းထိုးပြရမယ်” ဟု နိုင်ငံတကာအရေး လေ့လာစောင့်ကြည့်သူ ဦးလှစိုးဝေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံတွင် ကျားဖြန့်လုပ်ငန်းများကို တရုတ်ရာဇဝတ်ဂိုဏ်းများက ရွေးတုအစိုးရအဖွဲ့ဝင်များ၊ စစ်တပ်အရာရှိများနှင့် ၎င်းတို့လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့များနှင့် အကျိုးတူပူးပေါင်းကာ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင် အဓိကလုပ်ကိုင်နေခြင်းဖြစ်ပြီး လက်ရှိတိုင် ထိရောက်စွာ နှိမ်နင်းခြင်း မရှိဘဲ ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းသို့ ပျံ့နှံ့လျက်ရှိသည်။

စစ်တပ်က ဖမ်းဆီးဖြိုချ၍ သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနေသည်ဆိုရာတွင်လည်း တရုတ် အစိုးရ၏ ဖိအားကြောင့် အလိုရှိသူအချို့ကိုသာ မဖြစ်မနေ လွှဲပေးခြင်းဖြစ်ပြီး အဓိက ခေါင်းဆောင် ကြီးများနှင့် အကျိုးတူပူးပေါင်းနေသည့် ရွေးတုစစ်တပ်အသိုင်းအဝိုင်းမှာမူ ပြစ်ဒဏ် ကင်းလွတ် နေဆဲဖြစ်သည်။

“Cyber Law ပြဋ္ဌာန်းဖို့ စိုင်းပြင်းနေတာ ဆယ်နှစ်ကျော်ပါပြီ။ တမင်မပြဋ္ဌာန်းဘဲ စစ်တပ်က ဝအောင် လုပ်စားပြီးမှ ဒီဥပဒေ ထွက်လာတာ။ တကယ်တော့ Cyber Law သာ ပြဋ္ဌာန်းခဲ့ရင် ကျားဖြန့်ပြစ်မှုတွေကို အရေးယူလို့ ရပါတယ်။ အခုက နောက်ကြောင်းပြန်ပြီး အရင်ကျားဖြန့်မှုတွေကို ဒီဥပဒေနဲ့ အရေးယူလို့ မရပါဘူး” ဟု လုပ်သက်ရင့် CDM မြို့နယ်တရားသူကြီး ဒေါ်သဉ္ဇာမြက လွှတ်တော်တွင်း ဥပဒေ လှည့်ကွက်ကို ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ အာဏာသိမ်း ရွေးတုအစိုးရကို လေယာဉ်၊ ဒရုန်း၊ စစ်လက်နက်ခဲယမ်း ပစ္စည်းများ၊ ငွေကြေးများ၊ နည်းပညာများကူညီနေသည့်အပြင် ကျဉ်ပယ်ခံထားရသော နိုင်ငံတကာ မျက်နှာစာများ တွင် ပြန်လည်ဝင်ဆံ့‌စေရန် ပံ့ပိုးနေသည့် တရုတ်အစိုးရကလည်း Cyber Law ကိစ္စ မေးခွန်းထုတ်ခဲ့ ဖူးကြောင်း သိရသည်။

တစ်ဖက်တွင်လည်း အမေရိကန်အစိုးရသည် ၎င်းတို့၏ နိုင်ငံသားများကို ပစ်မှတ်ထားလာသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ရှိ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ကို တာဝန်ပေး စောင့်ကြည့်နေသည်။

ထို့ပြင် ရွေးတုစစ်ခေါင်းဆောင်များနှင့် ၎င်းတို့လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF / KNA)၊ DKBA စသည့် ပါဝင်ပတ်သက်သူများကိုလည်း နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ကာ ဆုကြေးငွေများဖြင့် ဖမ်းဝရမ်းထုတ်ထားသည်။

ယခု ထုတ်ပြန်လိုက်သည့် အခန်း ၁၃ ခန်းပါ ကျားဖြန့်တိုက်ဖျက်ရေး ဥပဒေကြမ်းတွင် သေဒဏ်အထိ အမြင့်ဆုံးပြစ်ဒဏ်များ သတ်မှတ်ထားပြီး ဗဟိုကော်မတီနှင့် တိုက်ဖျက်ရေးဗဟိုဌာနများ ဖွဲ့စည်းခြင်း၊ ငွေကြေးစီးဆင်းမှု ယာယီဆိုင်းငံ့ခြင်းနှင့် နိုင်ငံတကာနှင့် ပူးပေါင်းခြင်း စသည့်အချက်များ ပါဝင်သည်ဟု ရွေးတုအစိုးရက ၎င်းတို့၏ ဝါဒဖြန့်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်