ဧရာဝတီတိုင်းမ်
မေ ၁၆ ရက်
အိန္ဒိယနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုကူညီရေးအတွက် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်းတွင် အထွေထွေကုန်စည်မျိးစုံ တန်ချိန် ၄၀၀ သယ်ဆောင်လာသည့် အိန္ဒိယသင်္ဘော ဆိုက်ကပ်ကြောင်း အိန္ဒိယသံရုံးက ယနေ့သတင်းထုတ်ပြန်သည်။
မြန်မာ – အိန္ဒိယပူးပေါင်းဆောင်ရွက်ရေး ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းတွင်ပါဝင်သော စစ်တွေဆိပ်ကမ်းသို့ ကုန်ပစ္စည်းမျိုးစုံတန်ချိန် ၄၀၀ သယ်ဆောင်လာသည့် MV Taw Win Thiri ကုန်တင်သင်္ဘောသည် အကြိမ် ၃၀၀ မြောက်အဖြစ်ဆိုက်ကပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ဒေသအတွင်းပေါင်းစည်းဆက်နွယ်ချိတ်ဆက်မှု အားကောင်းစေရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုများမြှင့်တင်ပေးရန် ကူညီပံ့ပိုးမှုမှတ်တိုင်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။
အိန္ဒိယနိုင်ငံသည် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံလျက်ရှိကာ ယခုနှစ်ပိုင်းအတွင်း မြန်မာ-အိန္ဒိယ နယ်နိမိတ်မြေပုံ (၃၆) ချပ် နယ်နိမိတ်စီမံခန့်ခွဲမှုလုပ်ဆောင်ရန်နှင့် Quick Impact Project များ အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက် တိုးမြှင့်ရန်လုပ်ဆောင်လျက်ရှိသည်။
အဆိုပါကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် မြန်မာနိုင်ငံရှိစစ်တွေဆိပ်ကမ်းနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ဆက်သွယ်ခြင်း၊ ပလက်ဝပြည်တွင်းရေကြောင်းဆိပ်ကမ်း၊ ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ်အထိ မော်တော်ကားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ပါဝင်သည်။
ဓာတ်ပုံ – အိန္ဒိယသံရုံး