ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်

အာဏာသိမ်းစစ်ကောင်စီက အုပ်ချုပ်တဲ့မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးမယ့် ဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်မှု ချောမွေ့စေဖို့ ရှင်းလင်းပြတ်သားတဲ့ မူဘောင်တစ်ရပ် လုပ်ဆောင်ကြဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို မလေးရှားနိုင်ငံက တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၂၇ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အထူးအစည်းအဝေးမှာ အဲဒီကိစ္စကို ဆွေးနွေးခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောပါတယ်။

“အရပ်ဘက်နဲ့ နိုင်ငံရေးအခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံပေးထားတဲ့ ဘုံသဘောတူ ညီချက်ငါးရပ် ဖော်ဆောင်မှု ချောမွေ့စေဖို့ ရှင်းလင်းပြတ်သားတဲ့ မူဘောင်တစ်ရပ် လုပ်ဆောင်ကြဖို့ အာဆီယံက လိုအပ်တယ်ဆိုတဲ့ ရပ်တည်ချက်ကို အစည်းအဝေးမှာ မလေးရှားနိုင်ငံက ထပ်လောင်းအတည်ပြုခဲ့ပါတယ်” လို့ သူ က ဆိုပါတယ်။

“ဒီမူဘောင်အတွက် အသွင်ကူးပြောင်းမှု အစီအစဉ်တစ်ခု လိုအပ်ပါလိမ့်မယ်။ အာဆီယံ အစည်းအဝေး အားလုံးမှာ မြန်မာနိုင်ငံက ဘယ်ကိုယ်စားလှယ်ကိုမှ မဖိတ်ကြားသင့်ဘူးဆိုတာကိုလည်း မလေးရှားနိုင်ငံက အ လေးထားပြောကြားခဲ့ပါတယ်” လို့ ဆိုင်ဖူဒင်က ဆိုပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ မလေးရှားနိုင်ငံ က အားပေးခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အခြားသက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အဆိုပြုခဲ့တယ်လို့ သူက ပြောပါတယ်။

လူသားချင်းစာနာမှု အကူအညီနဲ့ပတ်သက်လို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံဖို့ NUG က အဆို ပြုတဲ့ ဘက်စုံပါဝင်သော အလှူရှင်ညီလာခံကျင်းပရေး စဉ်းစားဖို့ မလေးရှားနိုင်ငံက အာဆီယံကို အကြံပြုခဲ့တယ် လို့ ဆိုင်ဖူဒင်က ပြောပါတယ်။

ဒေသခံ၊ နိုင်ငံတကာနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူး ပေါင်းဆောင်ရွက်မှုမှာ ပါဝင်ဖို့ မြန်မာ လူသားချင်းစာနာမှု အထူးလုပ်ငန်းအဖွဲ့နဲ့ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်သုံးသပ်ဖို့ မလေးရှားနိုင်ငံက အာဆီယံကို အကြံပြုခဲ့တယ်လို့ သူက ဆက်လက်ပြောပါတယ်။

အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ အကြံပြုချက်အားလုံးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တော်မှာ နိုဝင်ဘာလ ၁၁ မှာပြုလုပ်မယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေ ထည့်သွင်းစဉ်းစားနိုင် ဖို့ တင်ပြမယ်လို့ ဆိုင်ဖူဒင်က ဆိုပါတယ်။

ကိုးကား – Bernama
Ref; Malaysia reiterates call for a clear end game in Myanmar during special meeting of ASEAN FM