ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ အောက်ထိုဘာလ ၂၈ ရက်

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ကျိုက်ထီးရီုးစေတီတော်သို့ တန်ဆောင်တိုင်ကာလ နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ဘုရားဖူးလာရောက်သူများအား တောင်တက်ကားခ၊ ကေဘယ်ခ၊ တည်းခိုးစရိတ်များအပြင် စတုဒီသာပါ အခမဲ့ကျွေးမွေးမည်ဟုဆိုတာ ဘုရားဖူးများအား ဖိတ်ခေါ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့က ကင်မွန်းစခန်းတောင်တက်ကားဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုရားဖူးများသေဆုံး၊ဒဏ်ရာရမှုဖြစ်ပွားပြီးနောက် ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးလာရောက်သူနည်းပါးသွားသဖြင့် ယခုကဲ့သို့ အခမဲ့အစီအစဥ်များဖြင့် ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်းသိရသည်။

” တောင်တက်ကားခ အလကား၊ တည်းခိုးခန်းခအလ ကားပေါ့ ။ ရှေ့လ နိုဝင်ဘာ ၃ ရက်နေ့နဲ့ ၄ ရက်နေ့ ၂ ရက်အလကား။ ၃ ရက်နဲ့ ၄ ရက်က ကြသပတေး၊သောကြာပေါ့။ အဲ့တာပြီးရင်တန်ဆောင်တိုင်ရုံးပိတ်ရက် ၃ ရက် လပြည့်နေ့က ၇ ရက်နေ့။ အခြေနေတွေကဘယ်လိုလာမလဲမသိသေးဘူး၊ ဒေသခံတွေကတော့ ထပ်ပြီး ပစ်ခတ်မှုဖြစ်နိုင်မယ်လို့ခန့်မှန်းနေကြတယ်၊ လုံခြုံရေးကတော်တော်များတယ်၊ အရင်ကထက်ကိုပိုများတယ်” ဟု ကျိုက်ထို မြို့ခံအမျိုးသမီးတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါအစီအစဉ်အား ကျိုက်ထီးရိုးဂေါပကအဖွဲ့၊ တောင်တက်မော်ဝောာ်ယာဉ်အသင်း၊ ကေဘယ်ကားအဖွဲ့၊ ရင်ပြင်တော်ဈေးကော်မတီအဖွဲ့၊ ရင်ပြင်တော်ပေါ်တွင်ဖွင့်လှစ်ထားသည့် ဟိုတယ်နှင့်တည်းခိုဆောင်များအဖွဲ့များ အားလုံးပူးပေါင်းညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထီးရိုးတောင်တက်အသင်းထံမှ သိရသည်။
လတ်တလောတွင် အဆိုပါကာလတန်ဆောင်တိုင်ကာလ အတွက် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းမိသားစုများ၏ တည်း ခိုခန်းဘွတ်ကင်အများအပြားရှိနေကြောင်း ဒေသခံတဦးက ပြောသည်။

“ခုလိုအစီအစဉ်က စစ်ကောင်စီကနေ ဘုရားမှာလူတွေပြန်လာတယ်၊ စည်ကားနေတယ်ဆိုတာပြချင်တာလည်းပါမယ်၊ အဲ့ဒီကာလမှာ တည်းခိုခန်းတွေမှာလည်း စစ်ကောင်စီနဲ့ဌာနဆိုင်ရာဝန်ထမ်းမိသားစုတွေနဲ့ ဘွတ်ကင်တွေပြည့်နေတယ်လို့သိရတယ်။ နောက်ပြီးတောင်ခြေတဝိုက်မှာ စစ်အင်အားတွေအတော်များတယ်။ စစ်တပ်က PDF တွေ သူတို့ကို ပစ်မှာစိုးလို့ ဘုရားဖူးပြည်သူတွေကို အကာအကွယ်ယူဖို့လုပ်တာလဲဖြစ်နိုင်တယ်၊ ဘုရားဖူးတွေအနေနဲ့ ခုလိုမျိုးသူတို့ဘက်ကစီစဉ်လဲသတိနဲ့စဉ်းစားဆင်ခြင်ကြဖို့ပြောချင်ပါတယ်” ဟု ဒေသခံတဦးမှ သုံးသပ်ပြောဆိုသည်။

ကျိုက်ထီးရိုးဘုရားပွဲတော်ကို အောက်တိုဘာလ ၉ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စတင်ဖွင့်လှစ်ပြီး ၅ ရက်အကြာ အောက်တိုဘာလ ၁၃ ရက်နေ့မှာ တောင်တက်ကားဂိတ်မှာပစ်ခတ်မှုဖြစ်ပွားကာ ဘုရားဖူးလာရောက်သူ အမျိုးသမီး ၃ ဦးသေဆုံးပြီး ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ကျိုက်ထိုမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် ကရင့်ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားနေပြီး ရန်ကုန်- မော်လမြိုင်ကားလမ်းကြီးတလျှောက်တွင်လည်း စစ်ကောင်စီတပ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုများ၊ ပစ်ခတ်တိုက်ခိုက်ခံရမှုများမကြာ ခဏဆိုဖြစ်ပွားနေကြောင်းသိရသည်။

ထို့အပြင် ကျိုက်ထီးရိုးတောင်တက်ကားဂိတ်ပစ်ခတ်မှုအပြီး အောက်တိုဘာလ ၁၃ ရက်နေ့မှစတင်ပြီး စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများမကြာခဏဖြစ်ပွားပြီး စစ်ရေးအခြေနေတင်းမာလျက်ရှိကာ ကျိုက်ထီးရိုးတောင်ခြေတဝိုက်တွင်လည်း စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်ဖြန့်ကျက်ထားကြောင်းလည်းသိရပါသည်။