ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့နယ်မြေရဲကင်းစခန်းယမန်နေ့ ညနေပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ဝင်ရောက်တိုက်ခိုက်ခြင်းခံခဲ့ရခြင်းကြောင့် စခန်းမှူးအပါအဝင် ၁၁ ဦး​သေဆုံးကြောင်း ရဲအသိုင်း အဝိုင်းထံမှ သိရှိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၉ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲ အချိန်ခန့်၌ ငါ့သရောက်မြို့နယ်၊ အမှတ် ၂ ရပ်ကွက်ရှိ နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၁၁ ဦးသေဆုံးကာ ရဲမေ ၁ ဦးဒဏ်ရာရရှိပြီး လက်နက်များပါသွားကြောင်း သိရှိရသည်။

“အငိုက်မိသွားတာပါ။ အခုသေတာ အကုန်နီးပါးပဲ။ လက်နက်တွေလည်းပါသွားတယ်။ စစ်တပ်ကလည်း ဘာမှမလုပ်ပေးနိုင်ဘူး သေပြီးမှရောက်လာတာ” ညောင်ဦးရဲတပ်ဖွဲ့နှင့်နီးစပ်သူဒေသခံအမျိုးသားတဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

၎င်းမှဆက်လက်ပြီး “PDF တွေ ၂၅ ယောက်လောက်ရှိမယ်။ ဆိုင်ကယ်တွေနဲ့ လာပစ်တာ”ဟုဆိုသည်။
ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် နယ်မြေရဲစခန်းမှုး ရဲအုပ်အေးကျော်၊ ဒုရဲအုပ်ဖြိုးဝေလင်း၊ ရဲတပ်ကြပ်ကြီးမြင့်စိန်အပါအခြားအဆင့် ရဲ ၉ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးပြီး ရဲမေ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒေသခံတစ်ဦး၏ ပြောပြချက်အရ “သေတာတွေမနည်းဘူး။ အလောင်းတွေအများကြီးပဲ ဆေးရုံကားနဲ့တင်သွားတယ် ။ တချို့ ရဲတွေပြေးတာတွေလည်းရှိလို့ လိုက်ရှာနေတယ်”ဟု ဧရာဝတီတိုင်းမ် ကိုပြောသည်။

သေဆုံးရုပ်အလောင်းတွေ ငါ့သရောက်မြို့နယ် ရင်ခွဲရုံနှင့် ဆေးရုံကို ရောက်ရှိလာကြောင်း ဆေးရုံနှင့်နီးစပ်သူတစ်ဦးထံမှ သိရှိရပြီး အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့မှ လုပ်ဆောင်သည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဓာတ်ပုံ – ငါ့သရောက်ရဲစခန်းတိုက်ခိုက်ခံရပြီးသေဆုံးနေသည့်ရဲတချို့။