
သရက်ချောင်းမြို့နယ် စစ်ယာဉ်တန်းတိုက်ခိုက်ခံရမှု စကခ ၂၀ မှ တပ်ကြပ်ကြီး ထွန်းလင်းနိုင် နှင့် တပ်သား စည်သူလွင်စိုး သေဆုံး ၈ ဦးခန့်ဒဏ်ရာရ
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၉ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်အတွင်း အောက်တိုဘာလ ၂၈ ရက် မနက် ၆ နာရီခွဲဝန်း ကျင်အချိန်က စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရမှုတွင် စကခ ၂၀ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း စကခ ၂၀ နှင့်နီးစပ်သည့် တပ်သတင်းရင်းမြစ်များထံကသိရသည်။
အဆိုပါယာဉ်တန်းသည် သရက်ချောင်းဘက်မှ ပလောက်ဘက်သို့ မောင်းနှင်လာစဉ် ပိတောက်ကြီးနှင့် ပိတောက်ငယ်အကြားတွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အဆိုပါ ကော့သောင်းမြို့ ခမောက်ကြီး အခြေစိုက် အမှတ် ၂၀ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်တပ်ရင်းများ၏ ယာဉ်တန်းဖြစ်ပြီး ကော့သောင်းမြို့အထိသွားရောက်မည့်ယာဉ်တန်းဖြစ်ကြောင်းသိရသည်။
ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖောကား ၁ စီးပျက်စီးသွားပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသည့် စကခ ၂၀ လက်အောက် ခမောက်ကြီးအခြေစိုက် ခမရ ၅၈၄ တပ်ရင်းမှ တပ်ကြပ်ကြီး ထွန်းနိုင်လင်း နှင့် တပ်သား စည်သူလွင်စိုး တို့သေဆုံးခဲ့ပြီး ၈ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
”လမ်းမှာအတိုက်ခံရတာလား၊ သူ့ဘာသာမှောက်တာလား ဘယ်လိုလည်းတော့မသိဘူး။ကားတော့မှောက်သွား တယ်။ ခမရ ၅၈၄ က ၂ ယောက်သေတာ။ အဲ့ဒီကားပေါ်ကဘဲ ၅၉၃ တို့ ၅၉၄ တို့က ပေါင်ကျိုး၊လက်ကျိုး ၊ခါး ကျိုးတွေလည်း ၈ ယောက်လောက်ရှိတယ်။ ကားက ၈ စီးမှာ ၁ စီးထိတာလို့ပြောတယ် ဟု ခမောက်ကြီးတပ်နှင့် နီးစပ်သည့်တပ်သတင်းရင်းမြစ်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုအား သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကားများလမ်းဘေးထိုးဆင်းသွားကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး၊ အများအပြားဒဏ်ရာရရှိပြီး စစ်ကား ၂ စီးပျက်ဆီးခဲ့ကြောင်း ယမန်နေ့ ကသတင်းထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သည့် စစ်ကောင်စီတပ် သားများအား မြိတ်မြို့ အမှတ်( ၅ ) ကုတင် ၁၀၀ စစ် ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်းလည်းစစ်ကောင်စီတပ်အသိုင်းအဝိုင်းထံကသိရသည်။
ပုံစာ – စစ်ကောင်စီယာဥ်တန်းနှင့်တပ်ဖွဲ့ဝင်အချို့ (ပုံဟောင်း)
#သရက်ချောင်း #စစ်ယာဥ်တန်း #တိုက်ခိုက်ခံရ #စစ်ကောင်စီတပ်သား #၂ ဦးသေဆုံး #AyeyarwaddyTimes