ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရဲ ၂ ဦးသေဆုံးခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေက ဗုံးပေါက်ကွဲတဲ့အနီးဝန်းကျင်မှာရှိတဲ့ အစ္စလာမ်သင်္ချိုင်းကို ဝင်ရောက်စီးနင်း တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့က ဟင်္သာရုပ်အဝိုင်းနား ဗုံးပေါက်ကွဲမှုအပြီး ယာဉ်ထိန်းရဲ ၃ ဦးထိ သေဆုံးမှုရှိလာပြီးနောက်ပိုင်း ခုလိုမျိုး အစ္စလာမ်သင်္ချိုင်းကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက် စီးနင်းပြီး ရှာဖွေတာတွေပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ ပြီးခဲ့တဲ့ အပတ်မှာပဲ ဝင်ရှာတာ ထင်တယ် ဖြစ်တဲ့နေ့နောက် ၂ ရက်လောက်ဖြစ်မယ်ထင်တယ် ဖမ်းသွားတာမျိုးတော့မရှိဘူး အင်အားတော့များတယ်လာတာ ဝင်ရှာသွားတာတော့ရှိတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

အစ္စလာမ်သင်္ချိုင်းကို ဝင်ရောက်စီးနင်းရှာဖွေတာတွေပြုလုပ်ခဲ့တဲ့အပြင် အနီးအနားမှာရှိတဲ့ချုံ တွေကိုလည်း ရှင်းလင်းတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဗုံးပေါက်ကွဲမှုအပြီးမှာ ဒေသခံ ၁၅ ဦးလောက်ကိုလည်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။