
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၃၀ ရက်
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ အောက်တိုဘာလ ၂၀ ရက်နေ့က ပျူစောထီးခေါင်းဆောင် ဌေးဝင်းရဲ့ နေအိမ်ကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဒေသခံပြည်သူ ၁၀ ကျော်လောက်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အလယ်စုကျေးရွာမှာနေထိုင်တဲ့ ကြံ့ခိုင်ရေးပါတီဝင် ပျူစောထီးခေါင်းဆောင် ဌေးဝင်းနေအိမ်ဗုံးပစ်မှု ဖြစ်ပွားပြီး ၁ ပတ်ကျော်အကြာမှာပဲ စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတွေက မသက်ဆိုင်တဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ ဒီဘက်မှာက ဖြစ်ရင် အနည်းဆုံးတော့ မသင်္ကာနဲ့ အဖမ်းခံရတယ် အဓိကတော့ လူငယ်တွေ အဖမ်းခံရတာများတယ် ပြီးတော့ တခြားနေရာကလာနေတဲ့ ဧည့်သည်တွေဆိုလည်း အဖမ်းခံရတယ်”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပျူစောထီးခေါင်းဆောင်နေအိမ် ဗုံးပစ်ခံရမှုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝန်းရံ ထောက်ခံသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအပြင် လူငယ်တွေကို စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံရဲတွေက ညပိုင်းတွေမှာ နေအိမ်တွေလိုက်လံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီထောက်တိုင်တွေနဲ့ သတင်းပေးတွေကို ပစ်ခတ်ရှင်းလင်းမှုတွေပြုလုပ်တိုင်း စစ်ကောင်စီ တပ်သားတွေနဲ့ လက်အောက်ခံရဲတွေက တိုက်ခိုက်မှုတွေနဲ့မသက်ဆိုင်တဲ့ ဒေသခံလူငယ်တွေကို စွပ်စွဲ ဖမ်းဆီးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။