ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်

ဧရာဝတီတိုင်းအတွင်း၊ မအူပင်မြို့မှာ စစ်ကောင်စီလက်အောက်ခံစာသင်ကျောင်းမှာတက်ရောက်နေတဲ့ ကျောင်းသား‌ ကျောင်းသူတွေကို ကထိန်ခင်းဖို့အတွက် ဆရာ ဆရာမ တွေက အလှူငွေ ဖိအားပေး ကောက်ခံတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံစာသင်ကျောင်းတွေမှာ ကထိန်ကြေးဆိုကာ အလှူငွေ ဖိအားပေးကောက်ခံတဲ့ အထဲမှာ မအူပင်မြို့က အမှတ် ၁ အခြေခံပညာအထက်တန်းက အဆိုးဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ကျောင်းကမြို့လယ်ခေါင်ကကျောင်းပါ ဒါပေမယ့် တချို့ကလေးတွေ ထမင်းမပါလို့ မစားရတဲ့ ကလေးတွေရှိတယ် ဘုရားဆွမ်းတော်ကပ်ဆိုပြီး ပိုက်ဆံတွေကောက်လိုက် သူတို့ကြိုက်တာတွေဝယ်လာခိုင်း လိုက် ပိုက်ဆံနည်းမျိုးစုံနဲ့ကောက်နေတာ”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ကထိန်ခင်းဖို့အတွက် အလှူငွေကိုလည်း ကျောင်းသား တဦးကို အနည်းဆုံး ၅၀၀၀ ထည့်ဖို့ အလှူငွေကောက်ခံ နေပြီး အတန်းကြီးရင် ကြီးသလို အလှူငွေထည့်ရတာ ပိုများလာတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက စာသင်ကျောင်းတွေမှာ အခန်း ၁ ခန်းကို ပဒေသာပင် ၃ ပင်အနည်းဆုံးသီးရမယ့် ဆိုတာကြောင့် ဆရာ ဆရာမတွေအနေနဲ့ ခုလိုမျိုး ဖိအားပေးကောက်ခံနေရတာလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။