ဧရာဝတီတိုင်းမ်
(မတူပီ)၊ အောက်တိုဘာ ၂၈ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နှင့် မကွေးတိုင်း၊ ပခုက္ကူမြို့သို့ပြေးဆွဲနေသည့် မတူပီ-ပခုက္ကူခရီးသည်တင်ယာဉ်လိုင်းများ၏ ယာဉ်စီးခမှာ ၁ ဦးလျှင် ၁ သိန်းခွဲအထိပေးဆောင်စီးနင်းနေရကြောင်း ဒေသခံများထံမှ သိရသည်။

ယခင်စစ်အာဏာမသိမ်းမီ ခရီးသည်တစ်ဦးလျှင် ကျပ် ၁ သောင်းခွဲသာ ပေးနေရသော်လည်း စစ်အာဏာသိမ်းပြီးနောက် ယာဉ်စီးခများ တိုးမြင့်ကောက်ခံရာကနေ လက်ရှိတွင် ယခင်ထက် ၁၀ ဆ ပမာဏ ၁ သိန်းခွဲအထိ ပေးဆောင်နေရကြောင်းသိရသည်။

”အရင်အာဏာမသိမ်းခင်တုန်းကတော့ မင်းတပ်-ပခုက္ကူခရီးသည်ယာဉ်လိုင်းခက ၁ သောင်းခွဲပဲ ပေးရတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေနဲ့ကားတွေကမထွက်လိုက်ထွက်လိုက်ပေါ့၊ နောက်ဆီဈေးတွေတက်လို့ဆိုပြီး ကားခတွေက ဈေးတစ်ဖြည်းဖြည်းမြင့်တက်လာတာ အခုက ၁ သိန်းခွဲအထိ ပေးရတယ်။ ဈေးကြီးပေမယ့် မဖြစ်အနေခရီးသွားရမယ်ဆိုရင်တော့ ဒေသခံတွေကတော့ တောင်းတဲ့ အတိုင်းပေးနေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးကဧရာဝတီတိုင်းမ်ကို ပြောသည်။

ယာဉ်လိုင်းကားများအနေဖြင့် ပခုက္ကူမြို့နှင့် မတူပီမြို့အကြား မင်းတပ်မြို့၊ ကျောက်ထုမြို့၊ ပေါက်မြို့ နယ်များတွင် စစ်ကောင်တပ်မှဂိတ်အများအပြားဖြင့် ငွေကြေးတောင်းခံမှုများအပေါ် ပေးဆောင်နေရသဖြင့် ယင်းကဲ့သို့တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းများ၏ ယာဉ်မောင်းများထံကသိရသည်။

ထို့အပြင် ချင်းပြည်နယ်၊ မင်းတပ်-မတူပီအကြားနှင့် မကွေးတိုင်းယောဒေသများတွင်လည်း ဒေသကာ ကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများမကြာခဏဖြစ်ပွားမှုများကြောင့် မတူပီမှပခုက္ကူသို့ ယာဉ်လိုင်းများပုံမှန်ပြေးဆွဲရန် အခက်ကြုံနေကြကြောင်း ယာဉ်မောင်းတဦးကပြောသည်။

”အခုချိန်မှာ မတူပီ-ပခုက္ကူခရီးသည်ယာဉ်လိုင်း ပြေးဆွဲဖို့အတွက် ကျွန်တော်တို့က အသက်နဲ့ ရင်းပြီး ပြေးဆွဲနေရတာပါ။ နောက်ပြီး လမ်းမှာကလည်း တလျှောက်လုံးပေးလာရတာ ၊စစ်တပ် ဂိတ်တွေကလည်းတအားများတော့အဲ့ဒီဂိတ်ကြေးတွေကအဓိကပေါ့။ နောက်ပြီး မင်းတပ်လောက်ဆို စစ်ကောင်စီတပ်တွေက စစ်ဆေးမှုတွေ တော်တော်တင်းကြပ်နေပြီ။ စစ်ကောင်စီတပ်တွေက ခရီးမဆက်ဖို့ပြောလာရင် ကျွန်တော်တို့က သူ့တို့စကားပဲ နာခံနေရတယ်။ လဘက်ရည်ဖိုး ဘာညာဖိုးပေါ့။ တစ်လျှောက်လုံး ပေးဆောင်နေရတာ ” ဟု ပခုက္ကူ-မင်းတပ် ယာဉ်လိုင်းများတွင်မောင်းနှင်နေသူယာဉ်မောင်းတဦးက ပြော သည်။

မတူပီမြို့တွင် အခြေစိုက်ထားသော စစ်ကောင်စီတပ်က ခရီးသည်ယာဉ်လိုင်းများအပါအဝင် ကုန်တင်ယာဉ်ဝင်/ထွက်သွားလာမှုတို့ကို ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က ခွင့်ပြုချက်ပေးမှသာ ခရီးသည်ယာဉ်လိုင်းများပြေးဆွဲခွင့်ရပြီး ခရီးသည်များကို တင်းကြပ်စွာ စစ်ဆေးခြင်း၊ ယာဉ်မောင်းများထံတွင် ပိုက်ဆံတောင်းခြင်းတို့ကို့ စစ်ကောင်စီတပ်က ပြုလုပ်နေကြောင်းသိရသည်။

မတူပီမြို့နှင့်မင်းတပ်မြို့များတွင် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေပြီး ဒေသခံများအနေဖြင့် အလုပ်အကိုင်ရှားပါးကာ ဝင်ငွေမရရှိခြင်း၊ လွတ် လပ်စွာ ခရီးသွားလာခွင့်မရခြင်း၊ ကုန်စည်များပြတ်တောက်ခြင်းတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် အခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများထံကသိရသည်။