
ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ အောက်တိုဘာလ ၂၈ ရက်
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင် စံပြကျေးရွာတွင် နေထိုင်သော စစ်ကောင်စီ သတင်းပေးဟု နာမည်ကြီးနေသူ ဦးနိုင်ဝင်း ဆိုသူမှာ အောက်တိုဘာလ ၂၇ ရက်နေ့က ပစ်ခတ်ရှင်းလင်းခြင်း ခံခဲ့ရကြောင်း သိရသည်။
ဦးနိုင်ဝင်းသည် Non-CDM သားဖွားဆရာမ ဒေါ်တင်တင်သက်၏ ခင်ပွန်းဖြစ်ပြီး ကျိုက်ထိုမြို့မှ မုပ္ပလင် ကျေးရွာသို့ အပြန် အင်္ဂဘိုကျေးရွာ လက်ပံပင် သုသာန် အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရပြီး ဦးခေါင်းကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံး သွားကြောင်း ဒေသခံများက ပြောသည်။
“သူတို့က စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့သူတွေ၊ သူ့မိန်းမက ပိုဆိုးတာ၊ သတိပေးစာတွေနဲ့ ကျည်ဆန်တွေ ပို့ခံရတာ ခဏခဏပဲ၊ အဲ့ဒါ အခုက သူ့ယောကျ်ားကို အရင်ပစ်သွားတာ”ဟု ကျိုက်ထိုမြို့ခံ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ သတင်းပေး ဆိုသူ ဦးနိုင်ဝင်း ရှင်းလင်းခံရခြင်းမှာ အဓိက သူ့ဇနီးကြောင့် ဖြစ်သည်ဟုလည်း ဆိုသည်။မည်သည့်အဖွဲ့က ရှင်းလင်းခဲ့သည်ကိုတော့ မသိရှိရသေးပေ။
စစ်ကောင်စီ လိုလားသည့် လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖြစ်သော Lin Nay တယ်လီဂရမ် စာမျက်နှာတွင်တော့ အဆိုပါ ဦးနိုင်ဝင်း (အသက် ၅၅ နှစ်) သည် မုပ္ပလင် ကျေးရွာ အတွက် ရရှိသော ဆေးခွဲတမ်းကို ကျိုက်ထို ပြည်သူ့ ဆေးရုံကြီးမှ ထုတ်ယူပြီး အပြန် အင်္ဂဘိုကျေးရွာ၊ နန်းရဂုံ စားသောက်ဆိုင် အနီးတွင် PDF အဖွဲ့ဝင်များ၏ လုပ်ကြံမှု ခံခဲ့ရခြင်း ဖြစ်ကြောင်း စွပ်စွဲ ရေးသားထားသည်ကို တွေ့ရှိရသည်။
ထိုသို့ Lin Nay တယ်လီဂရမ် စာမျက်နှာတွင် ရေးသား ဖော်ပြလာပါက စစ်ကောင်စီ လိုလားသူ၊ သတင်းပေးသူ ဖြစ်ကြောင်း သေချာနိုင်သည် ဟုလည်း လူမှုကွန်ရက် အသုံးပြုသူများက ပြောဆိုကြသည်။
ဦးနိုင်ဝင်း၏ ဇနီး Non-CDM သားဖွား ဆရာမသည်လည်း ဒေသတွင်း တော်လှန်ရေး အဖွဲ့များ၏ ကျည်ဆန်နှင့် သတိပေးစာများ ပေးပို့ခြင်း ခံရသည်ဟုလည်း ဒေသခံများက ပြောသည်။
ကျိုက်ထိုတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်တွင်လည်း သိမ်ဇရပ်မြို့နယ် ပျူစောထီး ခေါင်းဆောင် လင်မယား ပစ်ခတ်ခြင်း ခံခဲ့ရကာ ဇနီးဖြစ်သူ သေဆုံးပြီး ယောကျာ်းဖြစ်သူမှာ ဦးခေါင်းကျည်ထိ ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။