
ကိုကိုလေး/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်
ဧရာဝတီတိုင်း၊လပွတ္တာခရိုင်၊ လပွတ္တာမြို့မှာ အောက်တို ဘာလ၂၁ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်မှာ စစ်ကောင် စီတပ်ဖွဲ့ဝင်တွေက Non CDM ကျန်းမာရေးဝန်ထမ်းတဦးဆီကနေ BLACK LABEL အရက်ပုလင်းကို အဓမ္မလုယူထားတယ်လို့ဒေသခံတွေကပြောပါတယ်။
Non CDM ကျန်းမာရေးဝန်ထမ်း အမျိုးသမီးဟာ ရာထူး တိုးစာဖြေဆိုပြီးပြန်အလာမှာ အထက်လူကြီးကို ဂါဝရပြုဖို့ဝယ်ယူလာတဲ့ BLACK LABEL အရက်ပုလင်းကို လပွတ္တာမြို့အဝင် ၄ မိုင် စစ်ဆေးဂိတ်က စစ်ကောင်စီတပ်က အတင်းအဓမ္မသိမ်းယူခဲ့တာလို့ မျက်မြင်ဒေသခံတဦးဆိုပါတယ်။
“တာဝန်သိ စစ်သားတွေသာဆိုတယ် ပြည်သူကို ဓားမြတိုက်နေတာနဲ့အတူတူပဲ။ တောင်းရမ်းသောင်းကြမ်းနေတာ။ အဲ့ဒီဆရာမကရာထူးတိုးစာမေးပွဲဖြေပြီးပြန်လာတာ။ လူကြီးကန်တော့ဖို့လို့ပြောတာလည်းမရဘူး။ အရက်ပုလင်းကို အတင်းလုယူပြီးမှ ဂိတ်ကဖြတ်သန်းခွင့်ပြုတယ်။ ကားတစ်စီးလုံးကိုလဲ ရှာဖွေလိုက်တာ စုံနေတာပဲ” လို့ မျက်မြင် လပွတ္တာမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
Non CDM ကျန်းမာရေးဝန်ထမ်း ဆရာမဟာ ရန်ကုန်သူဖြစ်ပြီး လပွတ္တာမြို့ ၃ မိုင်မြို့သစ်က စစ်ကောင်စီလက် အောက်ခံကျန်းမာရေးဌာနမှာ တာဝန်ကျနေတဲ့ ဆရာမဖြစ်တယ်လို့ ဒေသခံတွေကဆီကသိရပါတယ်။
လပွတ္တာမြို့အဝင် ၄ မိုင်ဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဈေးသွားဈေးပြန် ဒေသခံတွေရဲ့ဆိုင်ကယ်တွေကိုလည်းဖမ်းဆီး စစ်ဆေးမှုတွေပြုလုပ်နေသလို ငွေများတောင်းယူပြီးငွေမပေးနိုင်ရင် ဂိတ်ကနေ ဖြတ်သန်းခွင့်မပြုဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။