
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ကျေးရွာများကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ် ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOM ထံမှ သိရှိရသည်။
ယနေ့ အောက်တိုဘာလ၂၈ ရက်နေ့ နံနက် ၅ နာရီခန့်၌ မြောင်မြို့နယ်ရှိ ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်အင်အား ၆၀ ကျော်ခန့်မှ ပရိမ္မရွာကို လက်နက်ကြီးများဖြင့်ပစ်ခတ်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံကာ ကွယ်ရေးတပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့်ပါ ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း CDSOM မှ ကိုနွေဦး(မြောင်) က ပြောသည်။
“မြင်းခြံခရိုင်တပ်ရင်း ၃ PDF ရဲဘော်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်။ ဒီဘက်ကပစ်တာ စခန်းတည့်တည့်ကို ကျပြီးပေါက်တာဆိုတော့ ခွေး သေကောင် ၃၊ ၄ ကောင်လောက်ရှိတယ်။ ပရိမ္မဘက် မှာ မြေပြင်ရော ဝေဟင်ရောပစ်တာ။ အိမ်တွေကို စစ်ခွေးတွေက မီးရှို့နေတာ။ ပစ်ခတ်မှုထဲမှာရဲဘော်နှစ်ဦး ဒဏ်ရာရတယ်”ဟု ကိုနွေဦး(မြောင်)က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နံနက် ၇ နာရီခန့်က ရဟတ်ယာဉ် ၃ စီးလာရောက်ပြီး နှစ်စီးမှ လူချပြီးနောက် တစ်စီးမှာ အနီးနားပတ်ပတ်လည်ကို ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံ ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျေးရွာ ၇ ရွာမှ ဒေသခံပြည်သူ ပေါင်း ၅၀၀၀ ကျော်ထွက်ပြေးပုန်းရှောင်နေရကြောင်း သိရှိရသည်။
ထို့အပြင် ပိတ်မိနေသည့် ပြည်သူများနှင့် ခုခံတိုက်ခိုက်နေသည့် မဟာမိတ်အဖွဲ့များကို ကူညီရန် မြင်းခြံခရိုင်တပ်ရင်း ၁ နှင့် ၂၊ မြင်းမူ CRF နှင့် 27 Revolution Force မှ ညီနောင်များမှ ပစ်ကူခဲ့ကြသည်ဟုဆိုသည်။