ဧရာဝတီတိုင်းမ်
(ကျိုတ်ဒုံ) /အောက်တိုဘာလ၂၉ ရက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံနယ်မြေရဲစခန်းကို အောက်တိုဘာလ ၂၈ ရက်နေ့ ယမန်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် KNLA၊PDF ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြောင်း KNU ကသတင်းထုတ်ပြန်သည်။

ဝင်ရောက်စီးနင်းစဉ် ရဲစခန်းအတွင်းရှိရဲများမှ ထွက် ပြေး၍နာရီပိုင်းအတွင်းသိမ်းဆည်းရရှိခဲ့ကြောင်းနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ရဲ ၂ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့သည်ဟုဆိုသည်။

” ညက ကျိုက်ဒုံရဲစခန်းကို ဝင်တိုက်တာ။ လက်နက် ငယ်နဲ့စိန်ပြောင်းတွေရယ် ၊ကျည်ဆံခဲယမ်းတွေလည်းအများအပြားရတယ်။ ဝင်စီးတော့ရဲနဲ့သူတို့မိသားစုတွေထွက်ပြေးကြတာ၊ နာရီဝက်လောက်နဲ့ဝင်စီးနိုင်ခဲ့တယ် ” လို့ မြေပြင်တိုက်ပွဲဝင်နေတဲ့တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းကိုပြောသည်။

ကရင်ပြည်နယ်အတွင်း ရဲသတင်းရင်းမြစ်တဦးကလည်း ကျိုက်ဒုံနယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီး အဆိုပါ နယ် မြေရဲစခန်းမှ ရဲတပ်ကြပ် ကျော်သူနဲ့ အခြားရဲဒုတပ်ကြပ် ၁ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်း၊ လက်နက်ခဲယမ်းအများအပြားဆုံးရှုံးခဲ့ကြောင်း ဧရာဝတီတိုင်းမ်ကိုပြောသည်။

တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်များမှာ ရန်သူထံမှ ရှေ့ထွက်မိုင်း – ၄ လုံး၊ မိုင်းကြိုး – ၂ ခွေ၊ လက်ဗစ်ဗုံး – ၂၃ လုံး၊ 7.62 ကျည် – ၂၅၄၀ တောင့်၊ ၆၀ မမ ဗုံးသီး – ၂၃ လုံး၊ G3- ၆ လက်၊ G3 ကျည်ဘောက် – ၁၁ ဘောက်၊ G4- ၁ လက်၊ အူဇီ- ၂ လက်၊ ၆ လုံးပြူး – ၄ လက်၊ ကွန်မန်ဒိုစိန်ဗြောင်း – ၄ လက်၊ ဆသရစက်ကြီး – ၁ လုံး၊ RPG ပို့ယမ်း – ၃ တောင့် တို့ သိမ်းဆည်းရမိကြောင်း KNU ကထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ် ကျိုက်ဒုံဗျူဟာတပ်မှ လက်နက်ကြီးများဖြင့် ကျိုက်ဒုံမြို့သို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကာ မြို့နေပြည်သူတစ်ဦး၏ နေအိမ် ထိမှန်ပျက်စီးခဲ့သည်။