
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၈ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲမြို့၊ ဝါရီကောခူ နှင့် ပီကင်းကောခူကျေးရွာများကို အောက်တိုဘာလ ၂၆ ရက်နေ့က အကြောင်းမဲ့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး ဒေသခံ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“၂၆ ရက်မနက်ကတည်းက ခုထိ စကစတွေ ရွာထဲ တောက်ရှောက် ထုနေတာ ပြည်သူ ၆ဦးထိမှန်ပြီး ကလေးငယ် တစ်ဦး သေဆုံးတယ်လို့သိရပါတယ်။ ဒီနေ့အထိလည်း လျှောက်ထုနေတုန်းပဲ။ တိုက်ပွဲဖြစ်နေသံလည်း ကြားရတယ်။ ထိန်းချုပ်ပြီး ပြထားတဲ့ နေရာတော့ အကုန်လုံး မထိန်းနိင်ပေမဲ့ တစ်ချို့ ကျေးရွာ ထဲ မှာ ကင်းပုန်းရှိပါတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီဘက်မှ ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ယနေ့အချိန်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လျှက်ရှိပြီး ကျေးရွာများအတွင်း ဝင်ရောက်နိုင်ရန် ပြင်ဆင်နေကြောင်း ဒေသခံအချို့က ဆိုသည်။
လွိုင်ကော် – မိုးဗြဲလမ်းပိုင်းတွင် အချိန်မရွေး ထိတွေ့မှု ဖြစ်နိင်သောကြောင့် ပြည်သူများအနေဖြင့် အကြောင်းတစ်စုံတစ်ရာမရှိပဲ ဖြတ်သန်းသွားလာခြင်းမပြုကြရန် နယ်မြေခံ PDF များက သတိပေးထားသည်။
စစ်ကောင်စီတပ်အနေဖြင့် အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေပြီး လက်နက်ကြီးပစ်ကူများအားကိုးဖြင့် မိုးဗြဲမြို့အတွင်း နယ်မြေတစ်နေရာ စိုးမိုးနိုင်ရေး ကြိုးစားနေသည်ဟု နယ်မြေခံ PDFအဖွဲ့ဝင်တစ်ဦးက သုံးသပ်ပြောဆိုထားသည်။