ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၇ ရက်

ယမန်နေ့ အောက်တိုဘာလ ၂၆ ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ဝါရီကောခူကျေးရွာသို့ မနက် ၄ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ၏ ၄၂၂တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံရွာသား ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒဏ်ရာရသူအများအပြားအနက် ဒေါ်မူဟိုက်တွင် (ဝမ်းဗိုက်၊တင်ပါးနှင့်လက်မောင်း)၊ ဦးတို့တွင် (တင်ပါး၊ပေါင်) ၊ မောင်ပုတွင် (‌ဦးခေါင်း၊ခြေကျင်ဝတ်)တို့၌ ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

၎င်းတို့အား ပရဟိတလူမှုကယ်ဆယ်ရေးအသင်းကဆေးရုံသို့အရေးပေါ်ပို့ဆောင်ပေးခဲ့ပါသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဝါရီကောခူကျေးရွာနေ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

မိုးဗြဲမြို့တွင် ယနေ့တွင်လည်း စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေသည်ဟု သိရှိရပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများလုပ်ဆောင်လျှက်ရှိကြောင်း ဒေသခံအချို့၏ ဆက်သွယ်ပြောဆိုချက်များအရ သိရသည်။