ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ အောက်တိုဘာလ ၂၇ ရက်

ဧရာဝတီတိုင်းဒေသကြီးတွင် ဧပြီလမှ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့အထိ
၇ လကျော်အတွင်း အထောက်အထားမဲ့ ရိုဟင်ဂျာလူမျိုး ၆၀၀ နီးပါး ဖမ်းဆီးခံရပြီး ၎င်းတို့အနက်မှ ၁၀၉ ဦးမှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရကြောင်း တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

၎င်းတို့အား ပုသိမ်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကြံခင်းမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ ဘိုကလေးမြို့နယ်၊ မြောင်းမြနှင့် ကျိုက်လတ်မြို့နယ်များတွင်အသီးသီးဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း သိရသည်။

“ဧပြီကနေ စက်တင်ဘာအထိ ၅၀၀ ကျော်ရှိတယ်။ စက်တင်ဘာလထဲမှာ ၂ ကြိမ်ထပ်မိတယ်။ရွှေသောင်ယံမှာ ၃၀ နဲ့ မြောင်းမြမှာ ၃၀ ထပ်မိတာပါ။ အဖမ်းခံရခြင်းမရှိပဲ လွတ်မြောက်သွားတဲ့သူတွေလည်းရှိတယ်။ ဖမ်းမိတဲ့သူအများစုက ဗမာစကား မပြောတတ်ကြဘူး”ဟု တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

 

ပုသိမ်မြို့နယ်၊ ဘိုကလေးမြို့နယ်များတွင် ပင်လယ်ရေကြောင်းလမ်းမှ တဆင့် ဝင်ရောက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ရေကြည်၊ ဝါးခယ်မနှင့် ကြံခင်းမြို့နယ်များတွင်မူ ကားများဖြင့် ဧရာဝတီတိုင်းအတွင်းမှ ထွက်ခွာရန်ကြိုးစားစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ၎င်းကပင် ဆက်လက်ပြောဆိုသည်။

ယခင် NLD ပါတီ၏ အရပ်သားအစိုးရလက်ထက်တွင်လည်း ဧရာဝတီတိုင်းအတွင်း အထောက်အထားမဲ့ရိုဟင်ဂျာလူမျိုးများ နှစ်စဉ်ဖမ်းမိလေ့ရှိပြီး ၎င်းတို့အား ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်လေ့ရှိသော်လည် အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင်မူ ဖမ်းဆီးခံရသူ ၆၀၀ နီးပါးအနက်မှ ၁၀၉ ဦးမှာ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရကြောင်း သိရသည်။

ဧရာဝတီတိုင်းမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းသည် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်ခြင်းသာဖြစ်ပြီး ရိုဟင်ဂျာများကို နှိပ်ကွပ်ခြင်းသာဖြစ်သည်ဟု လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

မြန်မာအာဏာသိမ်းစစ်တပ်၏ စစ်ခေါင်းဆောင် ခြောက်ဦးကိုလည်း ၂၀၁၇ခုနှစ် သြဂုတ်လက ရိုဟင်ဂျာလူမျိုးများပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများအဖြစ် မြန်မာရိုဟင်ဂျာအသင်းက အာဂျင်တီးနားတရားရုံး၌ အမည်စာရင်တင်သွင်းထားပြီး ယနေ့အချိန်အထိ တရားဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

ထို့အပြင် မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုအပေါ် ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးမှာ တရားလိုပြုတရားစွဲဆိုထားမှုမှာလည်း အာဏာသိမ်းစစ်ကောင်စီဘက်က တင်သွင်းခဲ့တဲ့ ကန့်ကွက်ချက် လေးချက်စလုံးကို ဂျူလိုင်လ ၂၂ရက်နေ့မှာ တရားသူကြီးတွေက ပယ်ချခဲ့ပြီး အမှုကို ဆက်လက် ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ထားကြောင်း သိရသည်။

အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်တပ်က ရိုဟင်ဂျာလူမျိုးများပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု မတ်လအတွင်းက တရားဝင်ကြေငြာထားသည်။