ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၇ ရက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့တွင် အရက်ဆိုင်နှင့် လောင်းကစားဒိုင်တွေကို လိုင်းကြေးလိုက်ကောက်နေသည့် စစ်ကောင်စီ တပ်သားတွေကို ယနေ့ မွန်းလွဲပိုင်းအချိန်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၇)Zero ပျောက်ကျားတပ်ဖွဲ့ထံမှ သိရှိရသည်။

ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်ခန့်က ငါန်းဇွန်၊ မြေတိုင်းကျေးရွာတောင်ဘက်ရှိ အရက်ဆိုင်များ၊ နှစ်လုံး၊ သုံးလုံးလောင်းကစားဒိုင်များကို လိုင်းကြေး လာကောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“စစ်ခွေးတွေကို လိုင်းကြေးကောက်ပြီးအပြန်မှာ ပဒေသာမိုင်း ၅ လုံးနဲ့ဧည့်ခံခဲ့တာပါ။ သူတို့ ၆ ယောက်က လမ်းလျှောက်လာကြတာ။ အလောင်းနဲ့ ဒဏ်ရာရသူတွေကို လူနာတင်ကားနဲ့ တင်ခေါ်သွားတယ်”ဟု Zero ပျောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန့်နေ့ အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က နွားထိုးကြီးမြို့၊ဆူးဖြူကုန်းကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မြင်းခြံခရိုင်၊ အမှတ် ၄ တပ်ရင်း NPDF မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။