ကိုကိုလေး/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၅ ရက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အနီး ဧရာဝတီမြစ်အတွင်းတွင် စစ်ကောင်စီရေယာဉ် တစ်စီး ယမန်နေ့ အောက်တို ဘာလ ၂၄ ရက်နေ့ ညနေပိုင်းက နစ်မြုပ်သွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။

၎င်း နစ်မြုပ်သည့် စစ်ကောင်စီရေယာဉ်မှာ ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲ တင်ဆောင်လာသည့် စစ်ကောင်စီတပ်သားများနှင့် လက် နက်ခဲယမ်း၊ ကျည်ဆံများ အလေးချိန် များပြားလေးလံမှုကြောင့် နစ်မြုပ်သွားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားသေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါရေယာဉ်သည် စစ်ကောင်စီတပ်၏ စစ်ကိုင်းအထက်ပိုင်းနှင့်ကချင်ပြည်နယ်အစပ်တွင်တိုက်ခိုက်ရေးဝင်ရောက်နေသည့် တပ်မ ၈၈ လက်အောက်ခံ ပုပ္ပါးမြို့အခြေစိုက် ခလရ ၇၈ တပ်မှ စစ်ကောင်စီတပ်သားများကိုတင်ဆောင်လာသည့် ရေယာဉ်ဖြစ်ပြီး ဧရာဝတီမြစ် ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီရိက္ခာပို့သင်္ဘော ၆ စီး ကိုလုံခြုံရေးယူပေးရန်မောင်းနှင်လာစဉ် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးကပြောသည်။

” ရွှေကူနားမှာနစ်တာ။ အဲ့ဒီနစ်သွားတဲ့ရေယာဉ်က ရိက္ခာတင်သင်္ဘောတန်းကသူတို့တပ်စွဲထားတဲ့နားကဖြတ်သွားတာမလို့ လုံခြုံရေးယူပေးဖို့မောင်းလာတာလို့သိရတယ်။ ဘယ်အဖွဲ့နဲ့မှ တိုက်ပွဲမဖြစ်ခဲ့ပါဘူး။ သူတို့တင်ဆောင်လာတာက လူချည်းဘဲ ၅၀ လောက်နဲ့ လက်နက်ခဲယမ်း ကျည်ဆံတွေက အရမ်းများပြီး မနိုင်ဝန် သယ်လာရတာကြောင့် စောင်းပြီး နစ်မြုပ်သွားတာလို့ သိရတယ် ။ အဲ့ဒီရေယာဉ်ပေါ်က လက်နက်ခဲယမ်းတွေလည်းအပျောက်အရှရှိတယ်လို့သိရတယ်။ စစ်ကောင်စီတပ်သားတွေ ရေနစ် သေဆုံးတယ်လို့လည်းသိရတယ်၊ အသေးစိတ်တော့ဘူး” ဟု မိုးတားတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါရေယာဉ်နစ်မြုပ်မှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းမ်အနေဖြင့်သီးခြားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။
စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းအထက်ပိုင်းသို့ စစ်လက်နက်၊ရိက္ခာများပို့ဆောင်ရာတွင် ရေကြောင်းပို့ဆောင်ရေးကိုအဓိကထားအသုံးပြုနေပြီး ၎င်းတို့ဖြတ်သန်းရာမြစ်ကြောင်းတလျှောက်တွင်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခံရမှုများကြောင့် လေကြောင်းဖြင့်ပါလုံခြုံရေးယူပေးနေရကြောင်းသိရသည်။

လက်ရှိအဆိုပါ စစ်ကောင်စီတပ်ရိက္ခာတင်သင်္ဘောတန်းသည် ကသာနှင့်ရွှေကူမြို့နယ်ကိုဖြတ်သန်းသွားပြီးဖြစ်ပြီး အဆိုပါ သင်္ဘောများလုံခြုံရေးအတွက် စစ်ကောင်စီတပ်မှရေကြောင်းအပြင်ကုန်းကြောင်းပါလုံခြုံရေးအဖြစ် မြစ်ကြောင်းတလျှောက်ရွာများကိုစစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံကသိရသည်။

ဒါ့ပြင် စက်တင်ဘာလက မိုးတားတိုက်နယ်အတွင်း စစ် ကြောင်းထိုးလာပြီး နင်းမိုင်းရန်ကြောက်လို့ ကမ်းပါးဘေးကပ်သွားသည့် စစ်ကောင်စီတပ်သားများ RPG လက် နက်ကြီးနဲ့ ပစ်ခတ်ခံရသည့် အရှိန်ကြောင့် ကမ်းပါးပြိုကျကာ စစ်တပ်ကအစုလိုက်အပြုံလိုက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ် ရိက္ခာလက်နက်ခဲယမ်းပို့ စစ်သင်္ဘော ၆ စီးပါ ရေယာဉ်တန်း။