ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၅ ရက်

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့မှာရှိတဲ့ “ဝကျော် KTV” စားသောက်ဆိုင်ဟာ ဆောင်းဘောက်ကြီးတွေနဲ့ အချိန်ပြည့်တနေကုန်နီးပါး အော်ဟစ်သီချင်းဆိုနေလို့ အနီးပတ်ဝန်းကျင်က စိတ်အနှောက်အယှက်ဖြစ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီ KTV မှာ စစ်ကောင်စီတပ်နဲ့ရဲတွေကလည်း တနေကုန် အလှည့်ကျရှိနေတာဖြစ်ပြီးပတ်ဝန်းကျင်နားမခံနိုင်အောင် ဆောင်းဘောက်တွေဖွင့်ကာ သောက်စားမူးရစ်ပြီး သီချင်းတွေ အော်ဟစ်သီဆိုနေတာလို့ သိရပါတယ်။

“ဝကျော် KTV” စားသောက်ဆိုင်ဟာ ယစ်မျိုးလိုင်စင်မရှိပဲ စစ်ကောင်စီကို လစဉ်လိုင်းကြေးပေးဆောင်ဖွင့်လှစ် ထားတာဖြစ်ပြီး စစ်ကာင်စီတပ်တွေအမြဲတမ်းဝင်ထွက်နေတဲ့ ဆိုင်ဖြစ်ကာ ဆိုင်ပိုင်ရှင် မှာ ဒေါ်ကေခိုင်ဦး ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“တစ်နေကုန်ဖွင့်တာ အသံကအကျယ်ကြီး မြို့ထဲကလူတွေလဲ နားမခံနိုင်ဘူး ။ အဝေးကြီးကတောင်အသံက ဆူညံနေတာ။ အဲ့ဒီမှာလည်း မနက်မိုးလင်းကနေ ညသန်းခေါင်ထိ စစ်တပ်နဲ့ရဲက အဲ့မှာများတပ်စွဲထားသလားထင်ရတယ် တနေကုန် အလှည့်ကျရှိတယ်။ ကောင်မလေးတွေနဲ့ အရက်ဘီယာ သောက်စားပြီး ဆူညံလို့ မြို့ခံတွေက တိုင်ပေမယ့်လဲ ဘာမှအရေးမယူကြဘူး။ စစ်ကောင်စီရဲ့ အရှိန်နဲ့ ဘယ်ဌာနတိုင်တိုင် ငါနဲ့ပိုင်တယ်လို့ ပြောပီးသောင်းကြမ်းနေတာ ” လို့ မြောင်းမြမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

မြောင်းမြမြို့ရှိ အခြာစားသောက်ဆိုင်များမှာ ည ၁၀ နာရီ ဆိုင်ပိတ်ရသော်လည်း အဲ့ဒီ “ဝကျော် KTV” စား သောက်ဆိုင်က စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုနဲ့ အရက်သောက် စားပြီး ည ၂ နာရီအထိ ဆိုင်ဖွင့်လေ့ရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။