ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၂၅ ရက်

အောက်တိုဘာလ (၂၂)ရက်နေ့ ညနေပိုင်းတွင် ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့ ၊ မြို့မရဲစခန်းရှိ စစ်ကောင်စီတပ်များနှင့် ထီးကလူဒေါ ကျေးရွာတွင် အင်အား (၃၀) ကျော်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား KNDF B (15) ၊ B (04) ၊ KA နှင့် ဝံပုလွေပျောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNDF မှ သတင်းထုတ်ပြန်ထားသည်။

တစ်နာရီကြာ ဖြစ်ပွားခဲ့သော အဆိုပါထိတွေ့ တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ (၁)ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများပြားခဲ့ပြီး ဖရူဆိုမြို့ အခြေစိုက် စစ်ကောင်စီတပ်များဖက်မှလည်း လက်နက်ကြီးများ အများအပြား ပစ်ကူခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲများအတွင်း အပြန်အလှန်ပစ်ခတ်ရင်း စစ်ကောင်စီဖက်မှ ပစ်ခတ်ခဲ့သော လက်နက်ကြီး ထိမှန်ကာ ဝံပုလွေပြောက်ကြားတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ကရင်နီပူးပေါင်းတပ်များနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့များအား စွမ်းစွမ်းတမံ တိုက်ခိုက်ရင်း မြင့်မြတ်စွာကျဆုံးခဲ့ရသော ဝံပုလွေပျောက်ကျားတပ်ဖွဲ့မှ ရဲဘော်အား အာဇာနည်သူရဲကောင်းအဖြစ် အစဉ်အမြဲ အလေးပြုပါသည်ဟု KNDF က ရေးသားထုတ်ပြန်ထားသည်။