ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၃ ရက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းမှာ စနိုက်ဘာကျည်ထိမှန်သေဆုံးခဲ့တဲ့ တပ်မ ၄၄ လက်အောက်ခံ နည်းဗျူဟာ ၄၄၁ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦးရဲ့ ရုပ်အလောင်းကို အောက်တို ဘာလ ၂၁ ရက်နေ့က အရှေ့တောင်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မော်လမြိုင်မြို့မှာ အပြင်လူမပါဘဲ တိုးတိုး တိတ်တိတ် သဂြိုလ်ခဲ့တယ်လို့ တပ်မ ၄၄ နဲ့နီးစပ်တဲ့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သူ့ရဲ့နာရေးကို အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့(ကစထ ၄ ) ကစထမှူး ဒု-ဗိုလ်ချုပ်ကြီး ခင်လှိုင် က ဦးစီးလုပ် ဆောင်ခဲ့တာဖြစ်ပြီး မော်လမြိုင် စစ်တပ်အသိုင်း အဝိုင်းက လိုက်ပါပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ ကျိုက်ထိုမြို့မှာရှိတဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး ရဲ့နေအိမ်မှာ ရက်လည်ဆွမ်း သွပ်တရားနာ ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

”သဂြိုလ်တာက သောကြာနေ့က သဂြိုလ်တယ်။ မင်းအောင်လှိုင်ခရီးစဉ်ထဲက ရောက်နေတဲ့ ကစထမှူးက မပြန်သေးဘူး။ သူလိုက်ပြီး သဂြိုလ်ပေးတယ်လို့သိရတယ်။ ဒီမနက်က ကျိုက်ထိုက သူ့နေအိမ်မှာ ရက်လည်ဆွမ်းသွပ်လုပ်တယ်။ ဒီနေ့ကသီတင်းကျွတ်လကွယ်ဆိုတော့ လမကူးချင်လို့ ၇ ရက်မပြည့်ဘဲရက်လည်တာ” လို့ တပ်မ ၄၄ နဲ့ နီးစပ်တဲ့ကျိုက်ထိုဒေသခံသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဗိုလ်မှူးကြီး ဝင်းမင်းဦး တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့အပေါ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ နာရေး ကြော်ငြာမထည့်သွင်းဖို့ကိုလည်း ဗိုလ်မှူးကြီး ဝင်းမင်းဦးရဲ့ဇနီး ဒေါ်သွင်ထူးအိနဲ့သူ့ရဲ့ အသိုင်းအဝိုင်းကိုလည်း စစ်ကောင်တပ်က တားမြစ်ဖိအားပေးမှုတွေရှိခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

” သူကျသွားတယ်ဆိုတာလိုင်းပေါ်တအားပျံ့သွားပြီး ထိန်းလို့မရတော့။ အမှန်က ဗျူဟာမှူးအဆင့်ကျတယ်ဆိုတာကိုသတင်းမထွက်အောင်လိုက်ပိတ်နေတာ။ သူ့မိန်းမအသိုင်းအဝိုင်းကို နာရေး ကြော်ငြာမထည့်ဖို့တားမြစ်တာတွေရှိတယ်လို့သိရတယ်။ တကယ်လို့ထည့်လာခဲ့ရင်လည်း ဒီသတင်းစာတွေက သူတို့(စစ်ကောင်စီ) လက် အောက်ကသတင်းစာတွေဆိုတော့ ထည့်ဖော်ပြမှာမဟုတ်ဘူး” လို့ ကျိုက်ထိုတပ်တွင်းသတင်းရင်းမြစ်ကပြောပါတယ်။

ဗိုလ်မှူးကြီး ဝင်းမင်းဦး ဟာ စစ်တက္ကသိုလ်(DSA) အမှတ်စဉ် ၄၂ ကျောင်းဆင်း အရာရှိကြီ ၁ ဦးဖြစ်ပြီး လက်ရှိ စစ်ကောင်စီတပ်ထဲမှာ ၎င်းနဲ့ဗိုလ်သင်တန်းအမှတ်စဉ်တူ အရာရှိကြီးအများအပြားရှိနေဆဲဖြစ်ပါတယ်။ ၎င်း သေ ဆုံးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းကစလို့ ဒီကနေ့အထိ ၎င်းသေဆုံးမှုအပေါ် ဝမ်းနည်းကြေကွဲကြောင်းကို သူ့မိသားစုအသိုင်းအဝိုင်းနဲ့ သူ့နဲ့အပတ်စဉ်တူ သူငယ်ချင်းတွေက စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာထည့်သွင်းဖော်ပြတာမျိုးတော့ မတွေ့ရပါဘူး။

ဒီအခြေအနေတွေအရ စစ်ခေါင်းဆောင်တွေဟာ ၎င်းတို့လက်အောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ကျဆုံးခဲ့တယ်ဆိုတဲ့အပေါ် စစ်ကောင် စီတပ်ဖွဲ့ဝင်တွေအချင်းချင်း ပြန်လည်အသိမခံဘဲ တိုးတိုး တိတ်တိတ်လုပ်ဆောင်ခဲ့ပြီး သတင်းဖုံးဖိထားခဲ့တဲ့အခြေ အနေလို့ CDM တပ်မတော်သားတွေက သုံးသပ်ပါတယ်။

‘ တကယ်တော့ နာရေးကြော်ငြာတော့ သူ့မိသားစုအသိုင်း အဝိုင်းရယ်၊ သူ့အပတ်စဉ် ၄၂ က သူ့သူငယ်ချင်းအရာရှိကြီးတွေကတော့ အပတ်စဉ်ကိုယ်စားပြုဝမ်းနည်းကြေကွဲခြင်းဆိုတာမျိုးတော့ထည့်ချင်ကြမှာဘဲ။ သို့သော် အဲ့လိုထည့်ပေးခိုင်းလိုက်ရင် ခွင့်ပြုပေးလိုက်ရင် ဗျူဟာမှူးအဆင့်ထိကျတယ်ဆိုတာ သူတို့ဖုံးလို့ဖိလို့မရဖြစ်သွားမယ်ပေါ့ အတည်ပြုပေးသလိုဖြစ်သွားမယ်ပေါ့ ၊ ဒီဖြစ်စဉ်ကို တပ်မ ၄၄ နဲ့ကရင်ပြည်နယ်ဂွင်မှာဝင်နေတဲ့ စစ်ကောင်စီအောက်ခြေကတော့သိပြီးသားဆိုပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့မသိစေချင်တာ၊ ပြောချင်တာက ရသလောက်ဖုံးချင်တာပေါ့ အဲ့ဒီအတွက်ကြောင့်ပေါ့။ အရာရှိငယ် ၂ ပွင့်၊ ၃ ပွင့်တွေကိုတော့ ဒါမျိုးကန့်သတ်တာမျိုးသိပ်မတွေ့ရဘူး။ ပေါတာကိုး ၂ ပွင့် ၃ ပွင့်နဲ့ ဗိုလ်မှူး၊တပ်ရင်းမှူးလောက်ထိက တိုက်ပွဲကျတယ်ဆိုတာက ထမင်းစားရေသောက်ဘဲ ဗျူဟာမှူး ဗိုလ်မှူးကြီး အဆင့်ကျတော့ ရှားတယ်လေ၊ အတတ်နိုင်ဆုံးသူတို့(စစ်ကောင်စီတပ်) အချင်းချင်း ပြန်ဖုံးချင်တယ် ။ အဲ့တာကြောင့်လို့သုံးသပ်ပါတယ်” လို့ CDM တပ်မတော်သားအရာရှိ Captain Zero ကပြောပါတယ်။

ဗိုလ်မှူးကြီး ဝင်းမင်းဦး ဟာ အောက်တိုဘာလ ၁၉ ရက်နေ့ မနက် ၉ နာရီဝန်းကျင်က ကရင်ပြည်နယ် KNU တပ်မဟာ ၆ နယ်မြေအတွင်း ဝေါလေ-မြဝတီလမ်းပိုင်း လူခို့ညောင်ချောင်းအနီးမှာ ကော်ဘရာစစ်ကြောင်းက ပစ်ခတ်လိုက်တဲ့ စနိုက်ဘာကျည်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ဝင်းမင်းဦးဟာ ဗိုလ်မှူးချုပ်အဆင့်ကိုတိုးမြှင့် ရရှိနိုင်တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) တက်ရောက်ပြီးသူဖြစ်ပြီး စစ်တက္ကသိုလ် အမှတ်စဉ် ၄၂ ဆင်း ဖြစ်ကာ သေဆုံးချိန်မှာ အသက် ၄၃ နှစ်ရှိပြီဖြစ်တယ်လို့သိရပါတယ်။