ဧရာဝတီတိုင်းမ်
ဧပြီလ ၂၂ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်ကို စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့သည်မှာ အချိန် ၁ နှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အလောင်းမင်းတရားစစ်ဆင်ရေးဖြင့် စစ်ကိုင်းတိုင်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်လာလမှစ၍ လက်ရှိအချိန်အထိ ကြည်းကြောင်း၊ ရေကြောင်း၊ လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။
ဒေသခံ PDF အဖွဲ့များမှာလည်း စစ်ကောင်စီတပ်များကို စတင်တိုက်ခိုက်ချိန်က တူမီး၊ လက်လုပ်သေနတ်များ၊ ဆွဲမိုင်းများဖြင့် တိုက်ခိုက်နေခဲ့ရာမှ ၂၀၂၁ နှစ်ကုန်ပိုင်းနှင့် လက်ရှိ ၂၀၂၂ နှစ်ဆန်းပိုင်းတွင် PDF တို့က စစ်တပ်ပိုင် Mytel တာဝါတိုင်များကို ဖြိုလှဲ၍ တာဝေးပစ် စိန်ပြောင်းများ၊ ဆုံလည် သေနတ်များ ကိုယ်တိုင် ထုတ်လုပ်ကာ လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်လျှက်ရှိနေသည်။
ထိုသို့ တာဝေးပစ် လက်နက်ကြီးများ ထုတ်လုပ်နေသည့်အခြေအနေ၊ တိုက်ပွဲတွင် အသုံးပြုနိုင်သည့် အနေအထား၊ လက်နက်ထုတ်လုပ်ရသည့် အခက်အခဲများကို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် One Star Task Force – OSTF အဖွဲ့တာဝန်ခံ ဗိုလ်ကျော်ကြီးကို ဧရာဝတီတိုင်းမ်သတင်းဌာနက ဆက်သွယ်မေးမြန်း ထားပါသည်။
မေး – ဝမ်းစတားအဖွဲ့အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရှိတဲ့ ဘယ်မြို့နယ်တွေကို အဓိကတိုက်ခိုက် ဖြစ်လဲ။
ဖြေ – ကျွန်တော်တို့က ဆားလင်းကြီးဘက်မှာရှိတဲ့ စစ်ခွေးတွေကို အဓိကထားတိုက်တယ်။ ပြီးတော့ ယင်းမာပင်ဘက်ကို အလျင်းသင့်ရင် သင့်သလို သွားတိုက်တာတွေ ရှိတယ်။ အဓိကတော့ ဆားလင်းကြီးထဲမှာ လှုပ်ရှားတာများပါတယ်။ ကနီဘက်ကိုတော့ နှစ်ခေါက်လောက် သွားကူတိုက်ဘူးတယ်။
မေး – လက်နက်တွေကို ဘယ်လိုစိတ်ကူးပြီးတော့ စထုတ်ဖြစ်တယ်ဆိုတာလေးရှင်းပြပေးပါဦး။
ဖြေ – စထုတ်တဲ့အချိန်မှာ တူးမီးထုတ်တယ်၊ အဓိကလုပ်တာတော့ မိုင်းဆွဲတိုက်ခိုက်တာကို အဓိက လုပ်တယ်။ ဒီကောင်တွေက လေကြောင်းကို အားပြုလာတဲ့အချိန်မှာ ကျွန်တော်ဘက်က ပုံစံပြောင်းရတော့တယ်။ အဲ့ဒီအချိန်မှာ လက်နက်ကိုအဓိကထုတ်ရတော့တာ။ ကိုးလုံးကျည်နဲ့ပစ်ရတဲ့ ခေါက်ချိုးသေနတ်။ အဲ့တာကို အဓိက ထုတ်တယ်။ နောက်ပိုင်း လက်နက်ကြီးတွေကို အဓိက ဦးစားပေးပြီး ထုတ်လာဖြစ်တယ်။ လက်နက်ကြီး ၄ မျိုး၊ ၅ မျိုး လောက် ဆက်တိုက်ထုတ်တာရှိတယ်။ ကိုယ်လက်လှမ်းမိသလောက် အဆင်ပြေသလောက် ထုတ်တာရှိတယ်။ စိန်ပြောင်းတို့ ဆုံလည်တို့ထုတ်ထားတာလည်း ရှိတယ်။
မေး – Mytel တာဝါတိုင်တွေကရော လက်နက်ထုတ်တဲ့အခါမှာ ကုန်ကြမ်းအဖြစ် ဘယ်လောက် အကျိုးပြုတာမျိုးရှိလဲ။
ဖြေ – Mytel တာဝါတိုင်တွေဖြိုတုန်းက မသိဘူး။ ဖြိုလိုက်တာ တာဝါတိုင်တွေ မလဲရင် မီးစက်တွေကို မိုင်းခွဲ မီးရှိုတာပေါ့။ တရက်ကို သုံးတိုင်လောက်လုပ်ဖြစ်တယ်။ ဒီတိုင်းထားခဲ့တာ။ နောက်ပိုင်းမှာ ကုန်ကြမ်းရှာရတာ ခက်လာတာရယ်။ သံထည်ပစ္စည်းဈေးနှုန်းတွေ မြင့်လာတော့ မထူးတော့ဘူး။ ဝယ်လိုလဲမရနိုင်ဘူးဆိုတော့ ကိုယ် ခွဲခဲ့တဲ့ တာဝါတိုင်တွေကို လိုက်လှဲရတော့တာပေါ့။ မဟာမိတ်အဖွဲ့တွေနဲ့ပေါင်းပြီး ခွဲတယ်၊ မျှယူကြရတယ်။ ကောင်းပါတယ်။ တော်တော်လေးသံသာထူးတယ်။ လက်နက်ထုတ်ဖို့ Mytel တာဝန်တိုင်တွေ ထောင်ထားပေးလို့ မအလကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
မေး – လက်နက်ထုတ်လုပ်တဲ့အခါမှ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလဲ။
ဖြေ – ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ခဲ့ကြတယ်။ အစောပိုင်းက Youtube ကနေကြည့်ပြီး လုပ်ရတယ်။ တခြားအဖွဲ့တွေ ထုတ်တာလိုက်ကြည့်တယ်။ တခြားအဖွဲ့တွေကလည်း ကိုယ်ထုတ်တာ လိုက်ကြည်တယ်။ အဲ့လိုမျိုး နည်းပညာဖလှယ်ပြီးတော့ ထုတ်တာ။ ကိုယ်ဘသာပဲလုပ်တာပါ။
မေး – အခုထုတ်တဲ့လက်နက်တွေကိုရော အားရကျေနပ်မှုရှိရဲ့လား။ ဘယ်လောက်အထိ စစ်ပွဲမှာသုံးလို့ အဆင်ပြေနိုင်တဲ့ အနေအထားမှာရှိလဲ။
ဖြေ – တာဝေးပစ်တဲ့ စိန်ပြောင်းတွေက သူလက်နက်ကြီး ကိုယ်လက်နက်ကြီးဆိုရင် သူဘက်က တည့်ကျ တာမျိုးရှိတယ်။ ကိုယ့်ဘက်က တည်ကျတာမျိုးတော့မရှိဘူး။ သူတချက်ပစ်ရင် ကိုယ်သုံးချက်ပစ်လောက်တော့ သွားတယ်။ တချက်နဲ့ သုံးချက်ဆိုရင်တော့ ယှဉ်လို့ရသေးတာပေါ့။ စခန်းသိမ်းတို့ ဝင်စီးတာတို့ဆိုရင် လက်နက် ငယ်ထက် လက်နက်ကြီးကိုပိုပြီး အသုံးပြုရတယ်။ လက်နက်ကြီးက တော်တော်ကြီးကို ထိရောက်ပါတယ်။ ဝယ်ထားတဲ့သေနတ်ဆိုတာ မရှိဘူး။ လုပ်သေနတ်နဲ့ Mytel တာဝါတိုင်တွေက ထုတ်ထားတဲ့ လက်နက်ကြီးပဲ ရှိတယ်။
မေး – လက်နက်ဝယ်တာအဆင်ပြေလား ကိုယ်တိုင်ထုတ်တာအဆင်ပြေလား ဘယ်လိုသုံးသပ်မိလဲ
ဖြေ – အဲ့တာကျတော့ ၂ မျိုးလုံး မှန်တယ်လို့ ပြောရမယ်။ ပိုက်ဆံရှိတဲ့အဖွဲ့အစည်းက ဝယ်နိုင်လေ ကောင်းလေပဲ။ ကျွန်တော်တို့ဆို ဝယ်နိုင်လည်း မကောင်းဘူး။ လက်နက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ အခက်အခဲရှိတယ်။ အဲတော့ ကျွန်တော်တို့ အတွက်က ဝယ်တာကအဆင်မပြေဘူး။ ထုတ်လုပ်ဖို့ပဲရှိတာပေါ့။
မေး – ထုတ်လုပ်တဲ့အပိုင်းမှာရော ဘယ်လောက်ထိမျှော်လင့်လို့ ရပြီလဲ
ဖြေ – ကျွန်တော်တို့မျှော်လင့်တာကတော့ လက်နက်ကြီးက ပစ်မှတ်အကွာအဝေးအတည့်ကျရောက်ဖို့ အဓိကမျှော်လင့်တယ်။ အဓိက ထိပ်ဖူးထုတ်လုပ်ဖို့ပဲ။ ပြောင်းကျတော့ Mytel ပြောင်းတွေကိုသုံးတယ်။ လက်နက်ထုတ်လုပ်ဖို့အတွက် ပစ္စည်းတွေဝယ်ရတာ မခက်ဘူး။ ဒါပေမယ့် ကျနော်တို့မှာ ပိုက်ဆံမရှိဘူး။ တချို့ပွဲတွေဆို ဝင်ကူချင်တယ်။ ဒါပေမယ့် ပိုက်မရှိလို့ ဘာမှလုပ်လို့မရဘူး။
မေး – လက်နက်ထုတ်လုပ်နိုင်ဖို့ လုံလုံလောက်လောက်ထောက်ပံ့နိုင်ရင် ဘယ်လိုအားသာချက်တွေ ရှိလာမလဲ။
ဖြေ – အဲ့လိုရမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် အဲ့တာတွေက မျှော်လင့်ချက်ပါ။ ကျွန်တော်တို့ မျှော်လင့်လာတာ ၁ နှစ်ကျော်ပါပြီ။ ဒါပေမယ့် ရဲဘော်တွေပဲ ကျကျသွားတယ်။ ဘယ်နေ့ ကိုယ့်အလှည့်ရောက် မလဲ မသိသေးဘူး။ မျှော်လင့်ချက်ကတော့ ရှိသေးတယ်။ အဲ့လိုသာထောက်ပံ့ပေးမယ်ဆို ထုတ်လုပ်တဲ့သူက ထုတ်လုပ်၊ တိုက်တဲ့သူက တိုက်ပေါ့။ ထုတ်လုပ်ရင်း တိုက်ရင်းနဲ့ဆို မကြာပါဘူး ခွေးမျိုးဆက်က ကုန်သွားမှာပါ။
မေး – ထောက်ပံ့မှုတွေရမယ်ဆိုရင် တိုက်ပွဲရဲ့အလှည့်အပြောင်းအနေနဲ့ စစ်ကောင်စီကို ဘယ်လောက် အထိနာအောင် လုပ်နိုင်မလဲ။
ဖြေ – အင်နဲ့အားနဲ့ရုန်းလိုက်မယ်ဆိုရင် ဒီအချိန်မှာသိပ်မကြာဘူး။ သူတို့ဘက်က တပ်ပျက်နေတဲ့အချိန်မှာ ကိုယ်တွေဘက်က တပ်မပျက်ဖို့လိုတယ်။ ရဲဘော်တွေအနေနဲ့ စိတ်ဓါတ်ရှိနေပေမယ့် ထောက်ပို့မရှိရင်၊ ကျွန်တော်တို့ကို ထောက်ပံ့တာမရှိရင် ရင်ကော့ပြီးသေပေးဖို့ပဲရှိမယ်။ ထောက်ပို့တွေကို အင်နဲ့အားနဲ့ လုပ်မယ် ဆို မကြာတော့ပါဘူး။ ဒီကောင်တွေမှာက လက်နက်ပဲရှိတော့တာ။ ကျွန်တော်တို့မှာက စိတ်ဓါတ်ရော ကျန်တာ အားလုံးရှိပါတယ်
မေး – လက်နက်ထုတ်တဲ့အခါမှာရော ကိုယ့်အချင်းချင်းကိုဘဲ ပေးတာလား။ ကျန်တဲ့အဖွဲ့ကိုရော ထောက်ပံ့ပေးတာရှိလား။
ဖြေ – ရှိတယ်။ ကျွန်တော်ဆီက ထုတ်တဲ့လက်နက်ကိုလည်း နမူနာယူချင်ရင် ကျွန်တော်ကပေးလိုက်တယ်။ သူများ ထုတ်ထားတာလဲ နမူနာလိုချင်တဲ့အခါ ကျွန်တော်တို့က ပြန်တောင်းတယ်။ သူလည်းမရှိဘူး ကိုယ်လည်း မရှိဘူး ဆိုတော့ အချင်းချင်းမျှဝေပြီးတော့သုံးဖြစ်ပါတယ်။
မေး – နွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် မြေပြင်မှာတိုက်နေတဲ့အဖွဲ့အနေနဲ့ ဘယ်လိုအကြံ ပြုချင်လဲ။
ဖြေ – အဖွဲ့အချင်းချင်းစည်းလုံးကြပါ။ အချိတ်အဆက်တွေပိုပြီး အားကောင်းအောင် ကြိုးစားကြပါ။ စပြီးတော့ လုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကို လက်နက်ကြောင့်ဆိုပြီး မပျက်စီးကြပါနဲ့။ နောက်မျိုးဆက်အတွက် အားလုံးဝိုင်းပြီး ကူညီပေးကြပါ။ သွေးအေးမနေနဲ့ကြပါနဲ့။ ပေးဆပ်စရာရှိတာ ပေးဆပ်ကြပါ။ ကိုယ့်ကျိုးအတွက်ပဲ ကြည့်နေမယ်ဆိုရင် နောက်မျိုးဆက်က ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေမှာပါ။ အဆုံးသတ်တိုက်ပွဲက ဘယ်လောက်မှ မလိုတော့ပါဘူး။ အကုန်လုံး တစည်းတလုံးထဲနဲ့ ထကြွပေးကြဖို့ လိုပါတယ်။
အခုချိန်အထိ စစ်ကိုင်း၊ ကရင်၊ ချင်းနဲ့ ကယား အဲ့ဘက်မှာသာဖြစ်နေတာ။ တခြားနေရာတွေသာ ထကြွပေးမယ်ဆိုရင် နောက်တလဆိုနိုင်ပြီ။ ပြီးတော့ ငွေကြေးအင်အား ရှိတဲ့သူတွေက တကယ်ကူညီ ပေးမယ်ဆိုရင်၊ နေရာတိုင်းက ထပေးမယ် ဆိုရင် နိုင်မှာကျိန်းသေပါတယ်။ ကံကောင်းခဲ့တယ်ဆိုရင် ကိုယ်တိုင် ငြိမ်းချမ်းရေးအရသာကို ခံစားရမှာပါ။ အဲ့တာကြောင့် အသက်ပေးမယ့်သူတွေက ပေးနေတဲ့အချိန်မှာ နောက်က ကူညီနိုင်တဲ့သူတွေက ကူညီပေးကြဖို့ မျှော်လင့်တယ်။ ပြီးတော့ ပိုပြီးစည်းလုံးဖို့ လိုအပ်သလို ဒီအတိုင်း သွားမယ်ဆိုရင်တော့ တော်လှန်ရေးက ကြာမြင့်ပါလိမ့်မယ်။