Photo: NAC

ဧရာဝတီတိုင်းမ်
ဧပြီလ ၂၃ ရက်

HIV ပိုးကူးခံထားရသူများ ခိုလှုံရာ NAC (Nurture Aid Center) ဂေဟာတွင် တာဝန်ခံ ကိုရာဇာသည် ကလေးငယ်များ၏ ပန်းချီလက်ရာများကို ချီးမွမ်းခန်းဖွင့်နေသည်။ ကလေးများကလည်း စိတ်ဝင်တစား နားထောင်ရင်း ပြုံးပျော် ရွှင်မြူးနေကြ သည်။

ထိုစဉ် တက္ကစီတစ်စီးသည် ဂေဟာရှေ့သို့ ထိုးဆိုက်လာသည်။ နောက်တွင် စက်ဘီးနှင့် လူတချို့လည်း ကပ်ပါလာသည်။ ဂေဟာတွင်နေထိုင်သူများက အလှူရှင်လာသည်ဟုဆိုကာ ကြိုဆိုရန် ပြင်ဆင်လိုက်ကြသည်။

ထို့နောက် တက္ကစီပေါ်မှ လူတစ်ယောက်ဆင်းလာပြီး ဂေဟာတာဝန်ခံ ကိုရာဇာကိုနှင့် တွေ့ချင်လို့ဟု ဆိုသည်။
နောက်ထပ် မီးခိုးရောင် ကားတစ်စီးရောက်လာပြီးနောက် ကိုရာဇာကို လိုက်ခဲ့ရန်ပြောကာ ကားထဲ ဖမ်းခေါ်သွား တော့သည်။

“ အဲဒီတော့မှ အလှူရှင်လာတာမဟုတ်ဘူး၊ ဖမ်းဖို့လာတယ်ဆိုတာ သဘောပေါက်ပြီး ဂေဟာတစ်ခုလုံး ပျာယာခတ် ကုန်ကြတာပဲ” ဟု အသက် ၄၀ အရွယ်ရှိ မသင်းရနံ့က မတ်လ ၂ ရက်၊ နေ့လယ်ပိုင်းက ကြုံလိုက်ရသည့် ထိတ်လန့်စရာ ဖြစ်ရပ်ကို ပြန်ပြောပြသည်။

ကိုရာဇာကို ဂေဟာအတွက် အလှူငွေများကို အကြမ်းဖက်အသင်းအဖွဲ့များထံ ထောက်ပံ့သည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီက တရားစွဲပြီး အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

NAC ဂေဟာကို စစ်ကောင်စီ၏ ဖမ်းဝရမ်းထုတ်ခံထားရသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း က ၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှုသာမက အိမ်တွင်းမှု၊ လက်မှုအတက်ပညာ၊ အိုင်တီနည်းပညာနှင့် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေး နှစ်သိမ့်ခြင်းများကိုပါ ထိုဂေဟာက ဝန်ဆောင်မှုပေးသည်။

ဂေဟာသည် ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းတွင်တည်ရှိပြီး ကလေး အယောက် ၉၀ ကျော်အပါအဝင် HIV ပိုးကူး စက်ခံထားရသူ ၁၅၀ ဝန်းကျင်သည် ထိုဂေဟာကို မှီခိုနေကြရသည်။

“ ဒီဂေဟာက ကျမတို့အိမ်ပဲ။ ဒါကို ချိတ်ပိတ်သွားရင် ဘယ်မှာသွားနေကြမလဲဆိုတာ စဉ်းစားလို့မရနိုင်ဘူး” ဟု ဂေဟာမှ HIV ပိုးကူးစက်ခံထားရသူ အသက် ၃၀ ကျော်အရွယ် မနန်း*ကပြောသည်။

စစ်ကောင်စီက NAC ဂေဟာ၏ တာဝန်ရှိသူများအား ဝရမ်းထုတ်ခြင်း၊ ဖမ်းဆီးခြင်းများသည် ဂေဟာကို မှီခိုနေရသော HIV ပိုးကူးစက်ခံထားရသူများ၏ ရှင်သန်ရပ်တည်နိုင်ရေးကိုပါ ခြိမ်းခြောက်နေသည်။

“ငွေရေး ကြေးရေး၊ စားရေး နေရေး အခက်အခဲရှိတယ်။ အခုဖြစ်နေတာပေါ့။ ကိုရာဇာအဖမ်းခံရပြီးနောက်ပိုင်း အလှူရှင် တစ်ချို့က ဒီကိုလာလှူဖို့ မဝံ့မရဲဖြစ်သွားတယ်။ သူတို့လာလှူတဲ့အချိန်မှာ သူတို့ကို ဖမ်းမှာလား။ အဲ့လိုမျိုးစိုးရိမ်မှု တွေရှိ တယ်” ဟု ဂေဟာမှ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်ကျော်လွင်က ပြောသည်။

ဂေဟာတွင် အစားအသောက်တစ်ခုတည်းအတွက် တနေ့စာကုန်ကျစရိတ်မှာ အနည်းဆုံး ၃ သိန်းဝန်းကျင်ရှိပြီး ယခုဆိုလျှင် အသားဟင်းကို တနပ်စာ လျော့စားနေကြရသည်ဟု ၎င်းကဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း NAC ဂေဟာမှ HIV ပိုးကူးစက်ခံထားရသူများအပါအဝင် မြန်မာနိုင်ငံရှိ HIV ပိုးကူးစက်ခံထားရသူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးရရှိမှု ခက်ခဲ့လာခြင်းသည် HIV ပိုးကူးစက်မှုနှင့် သေဆုံးမှုနှုန်း မြင့်တက်စေခြင်းကို ဦးတည်၍နေသည်။

အရပ်သား NLD အစိုးရလက်ထက်က ချမှတ်ဆောင်ရွက်နေသော အမျိုးသား ခုခံအားကျဆင်းမှု ကာလသား ရောဂါ တိုက်ဖျက်ရေး စီမံကိန်း – NAP က HIV လူနာပေါင်း ၁၅၀,၀၀၀ ကျော်ကို ဆေးကုသစောင့်ရှောက်မှုနှင့် နှစ်သိမ့် ဆွေးနွေးခြင်းများ ပေးအပ်လျက်ရှိရာ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ထိုသိန်းချီသော လူနာများအပေါ် ဆိုးကျိုး သက်ရောက်လာခဲ့သည်။

မြန်မာနိုင်ငံ၏ HIV ကုသရေးတွင် အရေးပါသည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ – MSF ၏ အစီရင်ခံစာနှင့် စာရင်းများက ထိုဖြစ်ရပ်ကို သက်သေခံနေသည်။

ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီမှ အောက်တိုဘာအတွင်း ဆေးခန်းရက်ချိန်း ပျက်ကွက်မှုပေါင်း ၂,၉၀၀ ကျော်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၈၉ ရာခိုင်နှုန်း ပိုမိုများပြားသည်ဟု MSF ကဆိုသည်။

ရှမ်းပြည်နယ်တွင် အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလကတည်းက MSF ၏ လူထုကျန်းမာရေးဝန်ထမ်းများနှင့် အဆက်အသွယ်မရတော့သည့် လူနာပေါင်း ၁၂၀ ဦး ရှိပြီး ယခင်နှစ်ကထက် ၅၀ ရာခိုင်နှုန်းပိုများသည်။

စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တိုက်ပွဲများ၊ ပေါက်ကွဲမှုများ၊ စစ်ဆေးရေး ဂိတ်များတွင် ငွေကြေးတောင်းခံမှုများ၊ ဝင်ငွေနည်းပါးပြီး စီးပွားရေး ကျပ်တည်းလာမှုနှင့် အတူ မြင့်တက်လာသော ခရီးစရိတ်များက HIV ဝေဒနာရှင်များ ဆေးခန်းသို့ မသွားနိုင်အောင် အဟန့်အတားများဖြစ်စေခဲ့သည်။

ထို့အပြင် ညမထွက်ရအမိန့်ကလည်း ဆေးခန်းသို့ လူနာများအချိန်မီလာရောက်ကာ အိမ်သို့အချိန်မီ ပြန်နိုင်ရန် အချိန်လျော့နည်းစေပြီး အချို့သော လမ်းများတွင် ကြိုကြားကြိုကြား ဖြစ်ပွားနေသည့်အကြမ်းဖက်မှုများ၊ တိုက်ပွဲများသည်လည်း ခရီးသွားနေသူများကို အန္တရာယ်ရှိစေသည်ဟု MSF က ဆိုသည်။

အရပ်သားအစိုးရလက်ထက်က နိုင်ငံအနှံ့ ဖွင့်ထားခဲ့သည့် NAP ဆေးခန်းအများစု၏ ဝန်ဆောင်မှုများမှာလည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် အကန့်အသတ်နှင့်သာ ပေးအပ်နိုင်သည်။ ရောဂါစစ်ဆေးမှုနှင့် လူနာသစ်များအတွက် ဆေးကုသမှုစတင်ခြင်းကို နေရာအများစုတွင် ရပ်ဆိုင်းထားရသည်။

စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးလုပ်သားများနှင့် ကျန်းမာရေးအဆောက်အဦးများအား စစ်တပ်က တိုက်ခိုက်ခြိမ်းခြောက်မှုများမှာ အကြိမ်ရေ ၄၀၀ ကျော်ရှိသည်ဟု မြန်မာ့လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်၏ ကျန်းမာရေးကဏ္ဍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အစီရင်ခံစာတွင် ဖော်ပြသည်။

ထိုထဲတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် ကျန်းမာရေးလုပ်သား ၃၀၀ နီးပါး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦးများ တိုက်ခိုက်ခံရမှု အကြိမ် ၁၀၀ ကျော်နှင့် သတ်ဖြတ်ခံရသည့် ကျန်းမာရေးလုပ်သား ၃၀ ထက်မနည်းပါဝင်သည်။

ဝေးလံခေါင်ဖျား ဆေးပေးခန်းများတွင် သူနာပြုတစ်ဦးသာ ရှိသောကြောင့် HIV အဆင့်ပြင်းထန်နေသော လူနာများကို ကိုင်တွယ်ရန်နှင့် ဗိုင်းရပ်စ်အခြေအနေကို စောင့်ကြည့်ရန် သွေးစစ်ဆေးမှုများကိုပင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဟု MSF က ဆိုသည်။

HIV လူနာများ ကုသမှုခံယူရန် ပျက်ကွက်ခြင်း သို့မဟုတ် ရောဂါအခြေအနေကို မဆုံးဖြတ်နိုင်သဖြင့် ART ကုထုံးကို မစတင်နိုင်ခြင်းများ ဖြစ်လာပါက HIV ပိုးကူးစက်ပြန့်ပွားမှု ပိုမိုများပြားလာနိုင်သည်ဟု MFS က သတိပေးသည်။

၁၀ နှစ်ကျော်ကြာ သက်တမ်းရှိပြီး HIV ပိုးကူးစက်ခံထားရသူပေါင်း ရာချီကို စောင့်ရှောက်ကုသမှုပေးနေသည့် NAC ဂေဟာအတွက် အရေးပါသူ တာဝန်ခံကိုရာဇာ အဖမ်းခံရခြင်းသည် ဂေဟာ၏ ရပ်တည်မှုကိုပါ ယိုင်နဲ့သွားစေသည်။

“ကိုရာဇာရှိနေတဲ့အချိန်မှာတောင် အရမ်းအခက်အခဲဖြစ်ခဲ့တာလေ။ ဒါကို ကိုရာဇာက ရအောင်လုပ်မယ်ဆိုပြီး သူရုန်း တယ်။ ဂေဟာမှာ အမြဲလုပ်နေနိုင်တဲ့ လူက သုံးယောက်လောက်ပဲရှိတာ။ တစ်ယောက်က ကင်ဆာဖြစ်နေတယ်။ ကိုရာဇာ အဖမ်းခံရတော့ ကျနော်တစ်ယောက်ပဲ ကျန်တော့တယ်”ဟု ကိုအောင်ကျော်လွင်ကပြောသည်။

ဂေဟာတွင် တစ်နေ့စာတစ်နေ့ အလျင်မီစေရန်ပင် မနည်းဖြေရှင်းနေကြရသည့် အနေအထားဖြစ်ရာ စစ်ကောင်စီက စွပ်စွဲသလို ကိုရာဇာသည် အကြမ်းဖက်အသင်းအဖွဲ့များအား ငွေကြေးထောက်ပံ့မှုပေးသည်ဆိုသည်မှာ လုံးဝမဖြစ်နိုင်ဟု သူက ဆိုသည်။

ထို့အပြင် သူရည်ညွှန်းသည့် ကင်ဆာဝေဒနာသည် စေတနာ့ဝန်ထမ်း ဦးမြင့်ဇော်သည် ယခုဆောင်းပါးရေးသားနေစဉ်မှာပင် ကွယ်လွန်သွားသည်။

ထိုသို့ စိတ်ဆင်းရဲဖွယ်၊ ထိတ်လန့်ဖွယ်၊ ဝမ်းနည်းကြေကွဲဖွယ်ရာတို့ ကျရောက်နေသော ထို NAC ဂေဟာမှ HIV ပိုးကူး စက်ခံထားရသည့် ကလေးများကတော့ သူတို့၏ ချစ်လှစွာသော အဘရာဇာ ခေါ် ကိုရာဇာပြန်အလာကို မျှော်နေကြသည်။

“အရပ်ဝတ်တွေနဲ့ ဖမ်းခေါ်သွားတာ ကလေးတွေက မြင်တော့ ဘယ်သွားလဲမေးတယ်။ ဟိုဘက် ခဏသွားတာ ပြန်လာ မယ်။ အဲ့ညက ပြန်မလာတော့ အဘရာဇာ ပြန်မလာဘူးလား မေးတယ်။ လာမယ်။ အဘရာဇာ ခဏနေကျ ပြန်လာမှာ။ တရက်ကုန် နှစ်ရက်ကုန် ပြန်မလာတော့ အဘရာဇာ ရွာခဏ ပြန်သွားတယ်၊ ပြန်လာမယ်လို့ပဲ ဖြေထားရတယ်” ဟု ကိုအောင်ကျော်လွင်က ပြောသည်။

သို့သော် ကိုရာဇာ ဘယ်အချိန်ပြန်လာမည်ကို ဘယ်သူမျှ အတိအကျ မသိနိုင်သေးသည်သာဖြစ်ရာ ကလေးများ စိတ်ဓာတ်ကျမသွားစေရန် ဆွေးနွေးနှစ်သိမ့်မှုပေးပြီး ဂေဟာ ရေရှည်ရပ်တည်နိုင်ရန် အလှူရှင်များကိုသာ အဓိကထား အားကိုးနေရသည်။

ထို့အပြင် နှစ်စဉ် မိုးတွင်းကာလတွင် အလှူရှင်နည်းပါးလေ့ရှိရာ ယခုပင် ယိုင်နဲ့နဲ့ဖြစ်နေသော ဂေဟာသည် မကြာခင် ကျရောက်လာမည့် မိုးကာလတွင် ပြိုကျမသွားအောင် ကိုရာဇာပြန်အလာကို ဂေဟာမှ ကလေး၊ လူကြီး အားလုံးက မျှော်နေကြလေသည်။

“ဒီရောဂါက စိတ်ညစ်လို့လည်း မရဘူး၊ အားငယ်လို့လည်း မရဘူး။ ကိုယ်ခံအားကျလာပြီး တခြားရောဂါဖြစ်သွားရင် ပိုကုရခက်မယ်။ ခက်ခဲကြပ်တည်းနေတဲ့ အချိန်မှာ ဝိုင်းဝန်ကူညီပေးမှသာ ဒီကလေးတွေရဲ့ အသက်ရှင်သန်ရေး အဆင် ပြေမယ်” ဟု ကိုအောင်ကျော်လွင်က မှတ်ချက်ပြုသည်။

Photo – NAC
(ဧရာဝတီတိုင်းမ်သတင်းဌာန၏မိတ်ဖက်ဖြစ်သော မဏ္ဍိုင်သတင်းအေဂျင်စီမှ ဆောင်းပါးကို ဖော်ပြခြင်းဖြစ်ပါသည်။)