ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်
အင်ဒိုနီးရှားနိုင်ငံက Airbus ကုမ္ပဏီမှ A400 စစ်ဘက် သယ်ယူပို့ဆောင်ရေးလေယာဉ် ၄ စင်း ထပ် မံ ဝယ်ယူနိုင်တယ်လို့ သမ္မတ ပရာဘိုဝိုဆူဘီယန်တိုက တနင်္လာနေ့မှာ ပြောပါတယ်။
အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနက ဝယ်ယူထားတဲ့ ပထမအသုတ် A400 လေယာဉ်နှစ်စင်း ရောက်ရှိလာခဲ့ရာ ဂျကာတာမြို့တော်ရှိ စစ်ဘက် လေတပ်စခန်းတစ်ခုမှာ ၎င်းက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
“A400 သယ်ယူပို့ဆောင်ရေးလေယာဉ် ၄ စင်း ထပ်မံ ဝယ်ယူမယ့် သဘောတူညီချက်တစ်ရပ် လက်မှတ်ထိုးဖို့ ကျွန်တော်တို့ ဆွေးနွေးနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။
၂၀၂၁ ခုနှစ် သဘောတူညီချက်အရ အင်ဒိုနီးရှားနိုင်ငံဟာ လာမယ့်နှစ်မှာ ဒုတိယအသုတ် A400 ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ ရရှိမယ်လို့ သိရပါတယ်။
A400 သယ်ယူပို့ဆောင်ရေးလေယာဉ်ကို အဓိကအားဖြင့် သဘာဝဘေးကြောင့် ဒဏ်ရာရရှိသူတွေ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အသုံးပြုပေမယ့် နိုင်ငံရပ်ခြား လူသားချင်းစာနာမှုမစ်ရှင်တွေမှာ အသုံးပြုနိုင် တယ်လို့ ပရာဘိုဝိုက ဆက်ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံသို့ ပေးအပ်ခဲ့တဲ့ A400 သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ ရဟတ်ယာဉ်တွေ၊ မော်တော်ကားတွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အပါအဝင် တန်ချိန် ၃၇ တန် အများဆုံး သယ်ဆောင်နိုင် ပါတယ်။
A400 သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ တန်ချိန် ၃၀ တင်ဆောင်ပြီး ဂျကာတာမြို့တော်မှ ရေ မိုင် ၂၄၀၀ အထိ အင်ဒိုနီးရှားကျွန်းစုတစ်ခုလုံးကို ပျံသန်းနိုင်ပါတယ်။
A400ကို ရေဗုံးကြဲလေယာဉ်အဖြစ် ပြောင်းလဲနိုင်ပြီး တစ်ကြိမ်လျင် ရေလီတာ ၂၀၀၀၀ အထိ ပက် ဖျန်းနိုင်တာကြောင့် တောမီးများ မကြာခဏ လောင်ကျွမ်းရာ အင်ဒိုနီးရှားနိုင်ငံမှာ အသုံးဝင်လာနိုင်ပါ တယ်။
ပြီးခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်မရမီ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ ပရာဘိုဝိုက စစ်တပ်ရဲ့ အိုမင်းနေပြီဖြစ်တဲ့ စစ်လက်နက်တွေကို အစားထိုးဖို့ ကတိပြုခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ဇူလိုင်လအတွင်း Kaan ဂျက်တိုက်လေယာဉ် ၄၈ စင်း ဝယ်ယူဖို့ တူရကီနိုင်ငံ နဲ့ စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
ကိုးကား – AFP
Ref; Indonesia mulls buying more Airbus military aircraft: President Prabowo