ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ နိုဝင်ဘာ ၄ ရက်
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် စစ်ကော်မရှင်၏ ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက် မှုများကြောင့် ပြီးခဲ့သည့်အောက်တိုဘာလအတွင်း အရပ်သား သုံးဦးသေဆုံးခဲ့ပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ထံမှ သိရသည်။
စစ်ကော်မရှင်က ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်တို့ရှိ ဒေသခံများမှ ၎င်းတို့၏တောင်ယာများ၌ စိုက်ပျိုး သီးနှံများရိတ်သိမ်းနေစဉ် လုပ်ငန်းခွင်များသို့အကြောင်းမဲ့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဖရူဆိုမြို့နယ်တွင် စစ်ကော်မရှင်က အောက်တိုဘာ ၁၃၊ ၁၉၊ ၂၁၊ ၂၄၊ ၂၆၊ ၂၉ ရက်နေ့များ၌ စပါး ရိတ်သိမ်းနေသည့် ဒေသခံတောင်သူများကို ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အမျိုးသား တစ် ဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကာ ငါး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဒီးမော့ဆိုမြို့နယ်တွင်လည်း စစ်ကော်မရှင်က စပါးရိတ်သိမ်းနေသည့် ဒေသခံများကို ဒရုန်းဖြင့်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်နေ့ ပဒိုငံကျေးရွာအနီး တိုက်ခိုက်မှုအတွင်း အရပ်သား တစ် ဦးသေဆုံးကာ သုံး ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများအပေါ် ဒရုန်းဖြင့်တိုက်ခိုက်မှုသာမက လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်မှုများပြုလုပ်နေသည့်အတွက် ဒေသခံများအနေဖြင့်လည်း စစ်ရေး သတိဖြင့် နေထိုင်ကြရန် KNDFကသတိပေးထားသည်။
ထို့ပြင်စစ်ကော်မရှင်သည် ယခုလ နိုဝင်ဘာ ၃ ရက်နေ့တွင်လည်း ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း တစ်နေရာသို့ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးအပါအဝင် သေဆုံးသူ ၅ ဦးရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ – KNDF